Wednesday, October 29, 2008

လေမြူးနဲ့ရူးနေတဲ့တိမ်


သူမကညနေခင်းအလင်းဝတ်ရုံနဲ့အမြဲလာနေကျ
အဲဒီအချိန်
ဘယ်လိုစကားလုံးတွေနဲ့ဆည်းဆာကိုနှုတ်ဆက်ရပါ့မလဲ
ငါက ဗန်ဂိုးမဟုတ်သလိုရိုလင်ဗတ်လဲမဖြစ်ခဲ့တော့
အစရှာရင်းဆွံ့အသွားတတ်တဲ့ရောဂါနဲ့
ဘ၀က
ခုမှနုပျိုမှုကိုခံစားတတ်လာခဲ့တယ်၊
ကိုင်းဖျားမှာမေးတင်နေတဲ့လရိပ်လို
ကိုယ့်ကံတရားရဲ့တည်ငြိမ်မှုကမင်းနှုတ်ခမ်းထက်မှာငြိတွယ်၊
တကယ်တမ်းကျတော့
ဟောဒီစာသင်ခန်းလေးထဲကတိုက်ဆိုင်မှုက
မျောနေတဲ့မြစ်တွေလိုပဲလား
ဖမ်းဆုတ်မရခဲ့တဲ့မင်းအထိအတွေ့ကိုလွမ်းတယ်၊
အခြေမဲ့အနေမဲ့နဲ့
မနက်ဖြန်ဇာတ်အိမ်ဖွဲ့မှုနရီနဲ့ရစ်သမ်တွေတမ်းညှိဘို့အတွက်
ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းနွေးနွေးပေးနေရတာမောတယ်၊
ဥာဏ်ထိုင်းတယ်လို့ကြထင်မလား
သဘာဝတရားဖေးမမှုနဲ့ပြန်လှည့်လှည့်လာတဲ့သူမစိတ်နဲ့
ဟိတ်ကြီးဟန်ကြီး
ကိုယ်ကတစ်လောကလုံးကိုအုံ့အုံ့ပြီးကြည့်တတ်နေမိပေါ့၊
လှည်းတန်းလမ်းမ
မီးပွိုင့်ရှေ့မှာကျကျန်ခဲ့တဲ့အိပ်မက်စိမ်းတောတန်းလေးများ
အကျိုးအကျေဘ၀နဲ့ဖြစ်ဖြစ်
မင်းကိုင်နေကျဖိုင်တွဲလေးထဲခိုနားဝင်ချင်ခဲ့ရဲ့၊
ငါမသိသေးတဲ့ငါ့အနာဂတ်မှာ
တစ်နေ့ကျ
မနော်ဟရီရဲ့ပန်းလှေလမ်းခွဲကဗျာကိုဆက်ရေးသူဟာငါဖြစ်မည်လား
အတွေးမှာ
ဘာကောက်ကြောင်းမှချိတ်မနေတာပဲကောင်းမယ်၊
ဒီနေ့
ကဗျာတွေလေနေတယ်
စကားလုံးတွေသေနေတယ်
စိတ်ပျက်လက်ပျက်
ငါ့ကိုယ်ငါပြန်ကြည့်တဲ့အကြည့်မှ
လေမြူးနဲ့ရူးနေတဲ့တိမ်တွေပဲမြင်တယ်
အဲဒီတိမ်တွေထဲမှာ-----------------။
မြတ်ငြိမ်း

Sunday, October 26, 2008

သူစိမ်း


ကောင်မလေးရေ
မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံးသွားတဲ့နိယာမတစ်ခုဖြစ်ခဲ့လျှင်
မင်းလည်းမင်းညကိုဆက်ချော့မြှူရုံ
ငါလည်းငါ့ကံကြမ္မာကိုဆက်လက်ယုံလိုက်ရုံ
လိုအပ်နေတာတွေအဝေးကိုထွက်ခွါသွားတဲ့အထိ
တိုးတိတ်နေဆဲပင့်သက်တို့နဲ့အတူဆေးဆိုးပန်းရိုက်ပိတ်စတစ်ချပ်လို
မပြုံးပဲပြုံးနေတဲ့မင်းသဘောထားနဲ့ငါ့ကိုဆက်ဆံပါ
မကြည့်ပဲကြည့်နေဆဲငါ့မျက်ဝန်းတွေနဲ့ငါ့ခရီးဦးကြိုဆိုမှုကိုကျောခိုင်းပေးပါ
လမ်းတစ်လမ်းထဲမှာဖြစ်ဖြစ်
ဟိုးတစ်ချိန်ကလိုမျိုး
ငါ့တို့ရဲ့အတိတ်စိမ်းစိမ်းတောအုပ်လေးကိုငဲ့မကြည့်ပဲလှည့်ထွက်သွားပေးပါ
တကယ်ဆို
ကောင်းကင်ကိုပန်ထားတဲ့ပင်လယ်ရဲ့ရူးမိုက်မှုအလှတရားနဲ့
ကမ္ဘာမြေဟာမျက်နှာပျက်ခဲ့ရပြီပဲ
အလွမ်းသီချင်း
ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာဒါပဲလား
အရည်ပျော်သွားရမယ့်ရသစာတမ်းမှာဘယ်လိုသေတမ်းစာနဲ့နိဂုံးသတ်ရမလဲ
ခုတော့
တစ်ခါမှမတွေ့ခဲ့ကြသလိုမျိုး
ဟန်ဆောင်ပန်ဆောင်လှည့်ထွက်လိုက်ရတဲ့ရင်ရဲ့ရှိုက်သံများ
အေးစက်ယောင်ဆောင်လိုက်ရတဲ့သွေးခုန်သံရိုင်းများ
ကိုယ့်လမ်းကိုမျှော်ကြည့်သလိုလိုနဲ့သက္ကရာဇ်တွေပြန်တူးဖေါ်နေတဲ့မရင့်ကျက်မှုများ
မိုးနဲ့ဆေးကျောလို့မရတော့တဲ့လွဲချော်မှုအယဉ်အရိုင်းလေးများ
လယ်ကွင်းတွေလိုနောက်ကောက်ကျကျန်ခဲ့တဲ့မပြီးဆုံးသေးတဲ့ရေးချယ်မှုအတ္တများ
ဘယ်လိုတရားနဲ့ငြိမ်းချမ်းရေးကမ်းလှမ်းရပါ့၊
မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံးသွားတဲ့နိယာမတစ်ခုဖြစ်ခဲ့လျှင်
မင်းနာမည်နဲ့ငါ့နာမည်
နိမိတ်တစ်ခုတည်းမှာအတူရှိခဲ့ဘူတဲ့အကြောင်းငါမေ့ဟန်ဆောင်လိုက်ပါ့မယ်
အားလုံးပြီးတော့မှ
လူမသိသူမသိ
မင်းစိတ်ကူးနဲ့ငါ့စိတ်ကူးပေါင်းစည်းခဲ့ဘူးတဲ့တစ်လမ်းသွားတံတားလေးတစ်လျှောက်
မင်းကျကျန်ခဲ့တဲ့စကားတွေငါသီကောက်နေတော့မယ့်
ငါပေးခဲ့ဘူးတဲ့မင်းရဲ့အထင်မကြီးတဲ့ဂုဏ်သိက္ခာတွေနဲ့ငါပြန်ပြီးကဗျာဖွဲ့နေလိုက်တော့မယ်
မင်းအလေးမထားခဲ့တဲ့မင်းရနံ့သင်းသင်းလေးတွေကိုပဲ
ကောက်သင်းကောက်သူတစ်ယောက်လိုငါသိမ်းကောက်လိုက်တော့မယ်
လမ်းမှာတွေ့တဲ့အခါ
မင်းနဲ့ငါ-------မဆုံခင်တစ်နေ့ကလိုနေလိုက်တော့မယ်။



Wednesday, October 22, 2008

ထမင်းသိုးဟင်းသိုးနေ့


ကောင်းကင်ဟာသစ်တစ်ပင်ဖြစ်ခဲ့လျှင်
ညတွေဟာအရိပ်တွေများလား
ဒါဆို နေ့တွေကိုဘယ်သူအရောင်ဆိုးသလဲ
စိတ်ကိုက
အချဉ်တည်မှအရသာပိုလေးတတ်လေတော့
ငါတို့မှာ
လေးပြီးရင်းလင်းလင်းနေရပေါင်းလဲမနည်းတော့။
ပြင်ဦးလွင်မြို့အ၀င်လမ်းမများလို
ဘ၀ဆိုတာကွေ့အကောက်များလွန်းမှလှပရမှာလား
ဧရာဝတီမြစ်ထဲမှာဥသြဆွဲသံတွေရမ်းကားနေဆဲ
ပြည်လမ်းမပေါ်မှာလူတွေညှပ်ပိတ်နေဆဲ
ငါ့အိမ်ရှေ့မှာ
ဆယ့်နှစ်ရာသီကောက်သင်းကောက်သူများ
တိမ်ညိုတွေငင်ပြီးထုဆစ်နေကြတဲ့ပန်းပုသမားများ
ဆည်တွေဖောက်ပြီးကိုယ့်ကိုကိုယ်မြစ်တစ်စင်းအဖြစ်အသွင်ပြောင်းသူများ
နှင်းတွေလိုလွင့်နေတတ်တဲ့အရိပ်များ
ငါ့ကိုငါပြန်ရှာဖွေနေတဲ့ငါ့မြို့ဟောင်းလေးများများ
ငါ့ကျောပြင်ကိုပွတ်သပ်နေတဲ့မိခင်ရဲ့အကြင်နာတရားများများ
ငါ့ကိုညှို့ငင်နေတတ်တဲ့ရွှေအိုရောင်ဆောင်းရာသီထဲကအပြုံးလေးများ
ညကိုငါငေးသလိုသူတို့ငေးလို့နေဆဲ၊
အသက်ရှင်ရပ်တည်ကျန်ရစ်ဘို့
သူမစိတ်ကူနဲ့ကိုယ့်စိတ်ကူးတစ်လမ်းသွားလမ်းလေးမှာတင်ကျန်ရစ်ဘို့
သူများဆန္ဒတွေနဲ့လှည့်ထွက်လိုက်တဲ့ခြေလှမ်းများနဲ့
ကိုယ့်စိတ်နဲ့ချိတ်ဆွဲထားတဲ့နယ်လွန်အတတ်တွေနဲ့
သင်ယူစရာသင်ခန်းစာတွေတစ်ပွေ့တစ်ပိုက် စာသင်ခန်းမနဲ့
မနက်ဖြန်ကိုဘယ်လိုဟန်ချက်ညှိုရပါ့၊
ငါ့ကိုကအရိုင်းဆန်လွန်းတယ်
စွတ်စိုခွင့်ရမလားလို့
တိမ်ညိုတွေဆွဲငင်မိပါရဲ့
မိုးလေးတစ်ပေါက်ရွာခံရရုံနဲ့တာကျိုးခဲ့ရ၊
မုန်းတယ်တဲ့
မတွေ့ခင်ကတည်းကမှားခဲ့ကြတာလား
တွေ့ခဲ့တာကိုကအမှားတွေများလား
ကောက်ကြောင်းမလေးရေ
အဲဒီအမှာတွေခါးသက်နေဦးမည်ဆိုလျှင်တောင်
အမိုက်လက်ကျန်တစ်ခွက်နဲ့
ငါဆက်လက်သောက်နေဦးမယ်
အဲဒါ
သက်သေမရှိသေဆုံးသွားတဲ့ငါ့ချစ်ခြင်းသိက္ခာအတွက်
နင့်သံသယတွေနဲ့အဝေးရောက်ခဲ့တဲ့တို့ဆုံဆည်းမှုအခရာလေးများအတွက်
ပြီး
ငါ့ကိုမုန်းသွားတဲ့နင့်အချစ်တွေအတွက်။





Tuesday, October 21, 2008

MY LOVE


When you're without one,
Call me first,
Where you want.
When you're without one,
To express the things you have,
Call me first,
I have many a ear to listen to you.
When one make you sorry,
Remember me first,
I have the heart to take your sorrow.
When you want to cry,
Keep me in your heart,
I have many a tear,
Like the sea waters to cry with you.
When you lose happiness,
Borrow my mirth,
And consider that I live only for you.
When you're mirthful,
Ignore me shout you don't want,
Can you be without me.
When I am out of your desire,
Go away from me taking my love,
And
Leave me lonely together with sorrow.

Sunday, October 19, 2008

ကတ္တီပါလမ်းခွဲ


တစ်နေ့ကလိုပါပဲအရာရာပြီးဆုံးသွားတဲ့နောက်တော့ဘာတွေဆက်စြေ်လာဦးမလဲဆိုတာမ
တွေးချင်တော့ပါဘူး၊ဘယ်လိုအကြောင်းပြချက်မှမပါပဲတွေ့ခဲ့ကြတဲ့နောက်အကြောင်းပြချက်
တွေပိုးစိုးပက်စက်ဖြန့်ကြဲပြီးထွက်ခွာသွားကြတယ်၊တွေ့ဆုံကြုံကွဲဓမ္မတာပဲဆိုတာလူတိုင်း
လက္ခံထားပေမယ့်ဘယ်သူမှဝေးဘို့ဆုံဆည်းခဲ့ကြတာမဟုတ်ပါဘူး၊ချန်သွားရက်သူကချန်
ထားထွက်ခွာသွားတဲ့အခါကျန်ခဲ့သူကငေးရီငိုင်ကျန်နေရမည်ဆိုတာသူ/သူမသတိမမူမိ
ရော့လား၊ဒါမှမဟုတ်ရည်ရွယ်ချက်တစ်စုံတစ်ရာကြောင့်များထွက်ခွာသွားတာလား၊
ဘာကြောင့်ဝေခဲ့ကြတာလဲ၊သံယောဇဉ်တရားတွေနဲ့အပြန်အလှန်ဖွဲ့နှောင်ခဲ့ပြီးမှဘယ်လို
ချွတ်ချော်မှုတွေကြောင့်များပြန်လည်ဝေခဲ့ကြ၊ဝေးဘို့ဆုံးဖြတ်ခဲ့ကြပါလိမ့်၊လူဆိုတာပတ်ဝန်း
ကျင်နဲ့အမြဲဆက်နွယ်နေတတ်တဲ့သတ္တ၀ါတစ်မျိုးဖြစ်လေတော့တစ်ခါတစ်ရံသံယောဇဉ်
တွေမခမ်းခြောက်ခင်ကြားလေသွေးလို့ဝေးခဲ့ကြ၊တစ်ချို့ကျပြန်တော့တစ်ယောက်ကိုတစ်
ယောက်အသက်လောက်ချစ်ခဲ့ကြပေမယ့်သဘောဆန္ဒတွေမတိုက်ဆိုင်ဖြစ်လာတဲ့အခါသူ့
အလိုကိုယ့်အလိုလွန်ဆွဲရင်းနားလည်မှုလေးတွေပျက်သုန်းပြီးအချစ်တွေသံယောဇဥတွေ
ဟာရှင်လျှက်သေဆုံးသွားတဲ့နောက်မျက်ရည်စက်တွေမိုးလိုရွာသွန်းပြီးလမ်းခွဲသွားကြ၊တစ်
ချို့ကြတော့အသက်မကချစ်ကြနားလည်ကြနဲ့ပျော်ရွှင်ဖွယ်ဘ၀ရသတွေသီဆိုနေလို့ကောင်း
တုန်းသိင်္ဂါရသံစဉ်တွေတီးခက်လို့ကောင်းတုန်းငြိမ်းချမ်းမှုတွေနဲ့သူတို့ဘ၀ဟာဇာတ်မြူးနေတုန်း
ရုတ်တရက်ကံတရားရဲ့ရက်စက်မှုအောက်မှာသူတို့ရဲ့ပျော်ရွှင်မှုတွေဟာအရွယ်မတိုင်ခင်ကြွေ
လွင့်ခဲ့ရ၊အမျိုးမျိုးအဖုံဖုံဘ၀ဇာတ်ခုံပေါ်မှာကျွန်တော်တို့လူသားတွေဟာငိုခဲ့ရယ်ခဲ့ပျောခဲ့ဝမ်း
နည်းသောကရောက်ခဲ့ကြရတယ်၊တစ်ဘ၀မှာတစ်ခါတော့အနည်းဆုံးဘယ်သူမဆိုရူးသွပ်ခဲ့ကြ
မှာပါ၊ကျွန်တော်လည်းရူးသွပ်ခဲ့ဘူးသလိုရူးသွပ်နှေဆဲနောင်လည်းရူးသွပ်နေရဦးမည်ထင်ပါရဲ့၊
ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ချစ်သူခင်သူတွေနဲ့ဝေးရဦးမယ်၊နှလုံးသားက
လက်မခံနိုင်ပေမယ့်ဘယ်သူမှငြင်းဆန်ခွင့်မရှိတဲ့လောကရဲ့စီရင်ချက်နဲ့ကျွန်တော်တို့ရဲ့
မျက်ရည်တွေကိုစတေးရဦးမယ်၊မိန်းမယောက်ျားမြင်ဖန်များသော်သနားချစ်ခင်စိတ်ကျွမ်း
ဝင်ရ်ျကျွန်ပင်တမင့်ဖြစ်လင့်မယွင်းတက်မက်လျှင်း၏လို့မဃဒေ၀ဆရာတော်မိန့်တော်မူတဲ့
အတိုင်းတစ်ယောက်နဲ့တစ်ယောက်ဆုံဆည်းကြပြီးတဲ့နောက်ရင်းနှီးမှုတွေတစတစတိုးတက်
လာပြီးခင်မင်မှုမှသည်သံယောဇဉ်သို့တိုးတက်ပြောင်လဲပြီးတစ်ယေက်နဲ့တစ်ယောက်မေတ္တာ
တရားစီးချောင်းလေးအတိုင်းစီးမျောခဲ့ကြ၊ကြည်နူးခဲ့ကြအိပ်မက်တွေအလှေကြီးနဲ့ဘ၀ကိုထု
ဆစ်ခဲ့ကြ၊ရသမျိုးစုံနဲ့ဘ၀ကိုပုံဖေါ်ခဲ့ကြတယ်၊ဒါပေမယ့်တွေ့ဆုံခြင်းနဲ့နိဂုံးခွဲခွာခြင်းဆိုတဲ့အိပ်မက်
ဆိုးတွေဝင်ရောက်လာတဲ့အခါလူတိုင်းဟာသွေးပျက်မတတ်ထိတ်လန့်ခဲ့တယ်၊ဘယ်လို
အကြောင်းတရားတွေကြောင့်ပဲဝေးခဲ့ဝေးခဲ့သံယောဇဉ်အမျှင်တင်းလေသမျှတော့ပြန်တွေးရင်
အသစ်လိုပြန်လည်ခံစားနေရဦးမှာမှန်မလွဲပါဘူး၊အခုကျွန်တော်ရဲ့တစ်ခန်းရပ်ပြဇာတ်လေးလဲ
ဇာတ်နာနာနဲ့တစ်ခန်းရပ်ခဲ့ပေမယ့်ဘယ်လောက်အတိုင်းအတာအထိဆက်လက်လွမ်းဆွတ်
တသကြေကွဲနေရဦးမလဲ၊မသိနိုင်တော့ပြီးဆုံးခြင်းများရဲ့နောက်ကွယ်မှာမပြီးသေးတဲ့ဝေဒနာ
တွေရှိနေသေးတယ်ဆိုတာ--------သူမနားလည်ပေးခဲ့ရင်၊နောက်တစ်ကြိမ်ပြန်လည်ပေါင်း
ဆည်းဘို့ရူးမိုက်စွာပဲမျှော်လင့်နေပါရစေ၊ဝေးဘို့ချစ်ခဲ့ကြတာမဟုတ်ပေမယ့်ချစ်သူ့အလိုကျ
သူမရှေ့ကနေကွဲကြေသွားတဲ့အိပ်မက်အကျိုးအကြေတွေတပွေ့တစ်ပိုက်နဲ့ထွက်ခွာခဲ့ပါတယ်၊
နေပျော်တဲ့ဘ၀မှာသူမပျော်ရွှင်ပါစေလို့ဆန္ဒပြုရုံကလွဲလို့ရင်နာတေးသွားတစ်ပုဒ်နဲ့ဘ၀ကိုဖြေ
သိမ့်လိုက်ပါတယ်၊သစ်ကိုင်းကြားကျထိုးကျလာတဲ့လရိပ်လိုအပြင်းထန်ဆုံးအရှိန်နဲ့ဆက်လက်
တမ်းတလွမ်းဆွတ်နေဆဲဆိုတာသူမသာသိခဲ့မယ်ဆိုရင်--------------------။
ချစ်သူတိုင်းပေါင်းစည်းကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

ွဲ

Thursday, October 16, 2008

သူမ


ကျွန်တော်
ဒီနေ့ အရာရာအားလုံးကိုစွန့်လွတ်လိုက်ရတဲ့နေ့ပေါ့
ကျေးဇူးပြုပြီး ကျွန်တော်ကိုတစ်ယောက်တည်းနေခွင့်
ပေးကြပါ ကျွန်တော်သူမကိုဘယ်လောက်ချစ်တယ်ဆို
တာ ရေရေလည်လည်အသဲကွဲပြစ်လိုက်ချင်လို့ပါ
သူမက ဘယ်သူလဲမေးရင် ကျွန်တော်လဲသေသေ
ချာချာမသိပါဘူး၊ဒါပေမယ့်ကျွန်တော်သိသလောက်
ပြောပြရမယ်ဆိုရင်တော့----------သူမဟာ
ကျွန်တော့်ရဲ့အလင်းမပါတဲ့မီးအိမ်လေးတစ်လုံး
လည်းဖြစ်တယ် သူမက ပေါက်ကွဲစေတတ်တဲ့ယမ်းဗုံးတွေ
လည်းဖြစ်တယ် သူမက လေပြေလေးလည်းဖြစ်တယ်
သူမက ကောက်စိုက်သမလေးလည်းဖြစ်တယ်
သူမက ကျွန်တော်ကိုခြောက်လှန့်လိမ်ညာတတ်တဲ့လူကြီး
တစ်ယောက်လည်းဖြစ်တယ်
သူမက ရေသူမလေးတစ်ယောက်လည်းဖြစ်တယ်
သူမက ဆရာမတစ်ယောက်လည်းဖြစ်တယ်
သူမက ကျွန်တော့်ကို ဖမ်ချုပ်ပြီးစားသောက်မယ့်
ပင့်ကူတစ်ကောင်လည်းဖြစ်တယ်
သူမက အဆိပ်သင့်စေတတ်တဲ့နှင်းဆီဝါတစ်ပွင့်လည်းဖြစ်တယ်
သူမက အိပ်မက်တွေကိုခိုးယူသွားတတ်တဲ့ခိုးသူမလေးလဲဖြစ်တယ်
သူမက အမြဲတမ်းမှောင်မိုက်စေတတ်တဲ့ အသူရိန်မလေးလည်းဖြစ်တယ်
သူမက ကျွန်တော်ကိုဝတ်ကျေတမ်းကျေ ဆက်ဆံတတ်တဲ့သူစိမ်းမလေးလည်းဖြစ်တယ်
သူမက -------------------လည်းဖြစ်တယ်




နောက်ပြန်လည်လည်သွားတဲ့နေ့


သတိရနေဆဲလား၊အတတ်ဆိုတာအတိတ်မှာကျန်ခဲ့မယ်ဆိုလျှင်ကျွန်တော်နဲ့သူမခုလောက်ဆို
သူစိမ်းတွေလိုပြန်ဖြစ်သွားမည်ပေါ့၊ခုတော့စောင့်နေကျကားမှတ်တိုင်လေးမှာတိတ်တိတ်လေး
စောင့်နေမိဆဲဘ၀ဆိုတာတစ်ခါပဲချစ်ခွင့်ရှိသလားပြောင်းလဲခွင့်မရှိတော့ဘူးလားသေချာမှုလေး
တွေပျောက်ဆုံးနေတဲ့မိုးခေါင်ရေရှားဒေသတစ်ခုလိုကံတရားမှာအချစ်တို့ပြန်လည်စိမ်းလန်းခွင့်
မရှိတော့ဘူးလား၊အရာရာအားလုံးဟာမမြဲဘူး၊သဘောတရားတစ်ခုတည်းနဲ့တော့ကိုယ့်လိုအစွဲအ
လန်းကြီးသူတစ်ယောက်ကိုနှစ်သိမ့်ပေးနိုင်လိမ့်မည်မထင၊်ဟိုးအရင်ကျောင်းတက်နေတဲ့မင်းပုံ
ရိပ်လေးကိုသတိရတယ်၊ခပ်လွင်လွင်ရယ်တတ်တဲ့မင်းအမူအရာလေးကိုလွမ်းတယ်၊မထေ့တထေ့
စိတ်ကောက်တတ်တဲ့မင်းနှုတ်ခမ်းလေးကိုချစ်တယ်၊ဘာများကျန်သေးလဲ၊မင်းထွက်သွားတော့
ငါ့ရင်ထဲ-ဟင်းလင်းပြင်မွန်းကြပ်မှုတွေထုနဲ့ထည်နဲ့။
တစ်ချိန်ကမင်းပြောခဲ့တယ်၊ငါကဆော့ခရတ္တိဖြစ်တယ်၊ပြီးမာသာထရီဇာလည်းဖြစ်တယ်၊ပြီးတော့
မင်းရဲ့လမင်းကြီးလဲဖြစ်တယ်တဲ့၊အခုရောကိုယ်ဘာဖြစ်နေသေးလဲ၊ချစ်သူရေ-ဘ၀မှာမင်းအချစ်
မိုးလေးတစ်ပေါက်နှစ်ပေါက်ရွာရုံနဲ့ကိုယ့်ဘ၀ကတာကျိုးခဲ့ရပြီ၊မင်းထွက်သွားတဲ့အရပ်မှာငါမျက်
နှာမူနေဆဲ၊မင်းလှည့်မကြည့်ပါနဲ့မင်းကျောပေးထားတဲ့အရပ်မှာငါစိတ်လွတ်လက်လွတ် မင်းစိတ်
နဲ့လောင်ကြွမ်းနေပါစေ၊
ကောင်စုတ်မလေးရေဘာအကြောင်းပြချက်မှမပေးပဲငါ့ရင်ထဲမင်းဝင်လာခဲ့တယ်၊ပြီးအကြောင်းပြ
ချက်တွေတစ်လှေစာနဲ့ငါ့ရင်ကိုနင်ဟင်းလင်းဖွင့်ချန်ထားခဲ့ပြီးအဝေးထွက်သွားခဲ့၊နင့်အလိုကျဖြစ်
တည်နေရမယ့်ဘ၀ဆိုတာငါ့ကံတရားလား၊မိုးတွေဝတ်ကျေတမ်းကျေရွာနေဆဲ၊ဗွက်ထအောင်
လင်းနေတဲ့နံနက်ခင်းတို့ဝတ်ကျေတမ်းကျေငါ့ကိုကြိုနေဆဲ၊စောင့်နေကျကားဂိတ်လေးလည်းဝတ်
ကျေတမ်းကျေငါ့အနားမှာငိုင်နေဆဲ၊မင်းနဲ့အတူတက်ခဲ့တဲ့ကျောင်းလေးလည်းဝတ်ကျေတမ်းကျေ
စာသံပေသံညံနေဆဲ၊ငါလည်းလွမ်းဖတ်ကျအိပ်မက်အကျိုးအကျေတွေနဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်
အောက်မှာစိတ်မဲ့လက်မဲ့လှုပ်ရှားရုန်းကန်နေဆဲ၊
ပြီးဆုံးခြင်းများရဲ့နောက်ကွယ်မှာမပြီးဆုံးသေးတဲ့အရာတွေသာမင်းတွေ့ခဲ့မယ်ဆိုရင်-------------
ကောင်မလေးရေငါတိုးတိတ်စွာအချစ်အတွက်ရဲတည်နေပါရစေ။

Tuesday, October 14, 2008

တစ်ကိုယ်တည်းရန်ဖြစ်မိတဲ့နေ့


ခုတစ်လော ပြဿနာကဘယ်ကနေစည်ဒိုအပေါက်ရှာရောက်ရောက်လာမှန်းကို မသိဘူးစိတ်ညစ်စရာ တွေချည်းပဲကြုံကိုကြုံနိုင်လွန်းပါရဲ့ဘ၀ကိုကဒုက္ခနဲ့လည်ပင်းဖတ်ကြီးပြင်းလာရော့လားမသိ သူမ မသိပါစေနဲ့ ငါ့ရင်ထဲက သောကတွေစီးဆင်းနေတဲ့ညနေလေးများအကြောင်း ညတစ်ညထဲကအလွမ်းနဲ့ပိတောက်တွေညှိုးသေ
သွားတဲ့အကြောင်း ခေါင်းလောင်းသံမလွင်တော့တဲ့ စေတီရင်ပြင်တော်ပေါ်က ငြိမ်း
အေးမှုတွေအကြောင်း မျက်ရည်အပြည့်နဲ့လေးလံနေတဲ့ တိမ်ပြာပြာနေ့တွေအကြောင်း
ဘယ်သူမှ နားလည်မပေးခဲ့တဲ့ကြွေကွဲဖွယ်ခံစားချက်တွေအကြောင်း အထိတ်တလန့်
လွှတ်ချလိုက်မိသော သက်ပြင်းမောတွေအကြောင်း လက်မဆန့်ခင် လွတ်ထွက်သွား
သော ဆန္ဒတွေကြောင်း၊
မနက်ဖြန်ဆိုတာရှိနေသေးသရွေ့ဘယ်လိုမှပြန်မဆုံနိုင်တော့တဲ့ လမ်းခွဲမှုတွေကို
ငါ တမ်းတနေရဦးမယ် နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို အလွမ်းနဲ့ ပြန်ညှို့ရဦးမယ်
အိပ်မက်အကျိုးအကြေတစ်ခွက်နဲ့ ညကိုရီဝေေ၀ကြည့်နေရဦးမယ် ပြန်မစိမ်းလန်းနိုင်
တော့တဲ့ မိုးခေါင်ရေရှားဒေသနဲ့ အိမ်မက်တွေပျိုးကျဲနေရဦးမယ် ဘယ်တော့မှမလင်း
တော့တဲ့မီးအိမ်နဲ့ လမ်းက မျှော်ကြည့်နေရဦးမယ် အဲဒီလိုဖြစ်လာစေတာကိုက ပဲ ငါ့ကံတရားလား၊
ကောင်စုတ်မလေးရေ-- နင့်အမုန်းတွေစိတ်ရှိလက်ရှိရွာသွန်းလိုက်စမ်းပါ နင့်အချစ်နဲ့
မျောပါခွင့်မရရင်တောင် နင့်အမုန်းချော်ရည်မြစ်လေးတစ်လျှောက် ငါစိတ်ရှိလက်ရှိမျောပါခွင့်ရ ရင်ကျေနပ်ပါရဲ့၊
မုန်းတော်မူလိုက မုန်းလိုက်ပါ ငါ့ဘ၀တစ်ခုလုံးမွန်းမွန်းနစ်သွားအောင်-- အဲဒါငါ့ရဲ့သစ္စာ
တရားနှင့်ဖွဲ့ထားတဲ့ ချစ်ခြင်းတရားပေါ့ ချစ်သူ။



Friday, October 10, 2008

အလွမ်း


ချစ်သူရယ်--- သမုဒယအတိမ်အနက်ဆိုတာ ဘယ်လိုအနုအလှတွေနဲ့ဖွဲ့ဆိုလို့မှီနိုင်ပါ့မလဲ၊
ကြာရင်မေ့သွားမယ်ထင်ခဲ့သမျှ အနေဝေးလေလေ မြတ်နိုးစိတ်နဲ့လွမ်းလေလေပါပဲချစ်သူ၊ မင်းနေလို့မှကောင်းရဲ့စာတွေကောလိုက်ရတာအဆင်ပြေရဲ့လား အစစအရာရာအဆင်မှ
ပြေပါရဲ့လားစိုးရိမ်စိတ်နဲ့ ဒီရင်ဟာအမြဲပူလောင်နေဆဲပါ၊အရာရာလွဲချော်တတ်လွန်းတဲ့
အကျိုးပေးနဲ့ တို့ဝေးခဲ့ကြတယ် နေ့စဉ်ဆေးစက်ချအနုပညာမှာ အကြောင်းတွေ
ပဲကြီးစိုးနေတယ် ကော်ဖီသောက်တဲ့အခါလေးမှာတောင်မှ မင်းသောက်ခဲ့တဲ့
နက်(စ်)ကော်ဖီရနံ့လေးက သင်းပျံ့နေဆဲ တစ်တဒင်္ဂဆိုတဲ့အချိန်းအချက်လေးထဲမှာ အလင်းအမှောင်လှည့်ကွက်အလိုက် အလွမ်းတို့သံသရာဝေနေဆဲမနက်ဖြန်
ဘာတွေဖြစ်လာဦးမည်လဲ မစဉ်းစားချင်တော့ စိတ်ကူမှာတောင် တစ်ယောက်ရင်ကို
တစ်ယောက်ဖတ်မရှိတော့မှတော့ ရယ်သံလွင်လွင်လေးနဲ့ ခရမ်းလွင်ညချမ်းလေး
တွေနဲ့ ဖြတ်သန်းခွင့်ဝေးခဲ့ပြီပဲ၊သီဆိုခဲ့သမျှ သိင်္ဂါရရုပ်ကြွင်းတွေနဲ့ အထီးကျန်နေ့စွဲ
များကလွဲရင် ဒီဂစ်တာဟာ ဘာဂီတမှ ရှင်သန်ခွင့်မရှိတော့တဲ့ မိုးခေါင်ရေရှားဒေသ
တစ်ခု ဖြစ်ရော့လား၊ဘ၀ဆိုတာ အနုပညာဆန်ဘို့ အလွမ်းနဲ့အညှို့ ခံလိုက်ရတဲ့
ပန်းချီကားတစ်ချပ်-----------------ပါချစ်သူ၊

အလွမ်တွေညှို့ယူထားတဲ့ဆည်ဆာတွေ
ကင်းဗတ်စပေါ်ဖရိုဖရဲပြန့် ကျဲနေပုံများ
မချင့်မရဲစိတ်နဲ့
အိပ်မက်တစ်ခုလို ငေးကြည့်မိတယ်
တည်ရာမဲ့ခြေလှမ်းများရဲ့ နားခိုရာ
မြေနီလမ်းကလေး
ခရမ်းပြာညနေ
အုံ့ဆိုင်းနေတဲ့ကောင်ကင်အောက်
ဟိုးတစ်ချိန်က
သူမနာမည်နဲ့ကျွန်တော့်နာမည်
မေတ္တာစမ်းချောင်းလေးအတိုင်း
အပြန်အလှန်ဖြစ်ခဲ့ပုံ----------၊

နှင်းတွေဖွဲဖွဲကျ ကြွမ်းလောင်နေဆဲမြေနီလမ်းကလေးအကြောင်း ငါ့ သောကြာဒေါင့်စွန်းမှာဆွဲချိတ်ထားမယ်
အို--ဗီးနပ် နတ်သမီး တည်ငြိမ်မဲ့ငါ့ကံတရားကို သင့် ငြိမ်းချမ်းမှုများ နဲ့ဆေးကျောသန့်စင်ပြီး ချစ်သူ့အတွက်
သနပ်ခါးသွေးပေးခွင့်ရအောင် ---------------------------------------------------------------------------------------ပါ။



Tuesday, October 7, 2008

နှစ်ကိုယ်ခွဲ



ခုတစ်လော--
ဒီစိတ်နဲ့ဒီကိုယ် ကတောက်ကဆဖြစ်လွန်းတယ်၊
အပြုသဘောကဘ၀ရဲ့အလိုတော်ရိဖြစ်နေချိန်
ကိုယ့်အငွေ့နဲ့ကိုယ်ပြန်မွန်းနစ်နေတဲ့ခရုအိမ်တွင်းပိုင်းကပန်းချီပြခန်းက
မျက်ရည်ယိုဗုံးတွေအစီအရီချိတ်ဆွဲပြီးလေလွင့်လို့၊
အတ္တကိုထုဆစ်ခွင့်မရှိတဲ့ပန်းပုဆရာက--ငါ
အလိုမကျမှုပုဒ်မနဲ့ကိုယ့်ကိုကိုယ်ပြန်တရားစီရင်ခွင့်မရတဲ့ဥပဒေသမားက--ငါ
အပေါ်ယံသဏ္ဍာန်ဆိုတာ
ဟန်ဆောင်မှုတွေနဲ့ရှုပ်ထွေးနေတဲ့ကြည့်ပျော်ရှုပျော်ဆီဆေးစွန်းခပ်နွမ်းနွမ်းပိတ်စတစ်ချပ်
ကိုယ့်အရိပ်နဲ့ကိုယ်ပြန်တိုက်နေရတာလောက်ပြင်းထန်တဲ့စစ်ပွဲမရှိနိုင်ဘူး၊
ရင်မောတယ်
ယဉ်ကျေးပြီးမလိမ္မာသေးတဲ့စရိုက်နဲ့
ခေါင်းညိမ့်ပြီးလူမသိသူမသိငြင်းပယ်လိုက်တဲ့အတ္တနဲ့
တိမ်တွေအလိပ်လိုက်ဖြတ်သန်းသွားတိုင်း
ကျောတစ်ပြင်လုံးကော့ကော့ပေးနေရတဲ့ဒုက္ခက ကြီးရဲ့၊
ဖြူစင်မှုနဲ့
အစာမတတ်ဘဲငါးမျှားချင်ခဲ့သမျှ
မြင့်မြတ်မှုနဲ့
ကိုယ့်အိပ်မက်နဲ့ကိုယ်ပြန်လက်ထပ်ချင်ခဲ့သမျှ
ဆုပ်ကိုင်မိတာက
လွတ်ကျကြေကွဲသွားတဲ့အသံတွေချည်း၊
ကိုယ့်ကိုကိုယ်ပြန်သိမ်မွေ့ချင်တဲ့အရိုင်းစိတ်ကိုသနားတယ်
ငါ့ကိုပိုးစိုးပက်စက်ခေါင်းခါပြသွားတဲ့ကောင်စုတ်မလေးကိုလွမ်းတယ်
စိတ်မပါဘဲလက်ရောက်နေရတာကိုငြီးငွေ့တယ်
ကိုယ့်ကိုကိုယ်ပြန်ခေါ်လိုက်တဲ့အသံမှာ သူမအကြောင်းကပ်ပါလာတာကိုချစ်တယ်
ပတ်ဝန်းကျင်ကိုမဝေဖန်တတ်ခဲ့တဲ့ငါ့အကျင့်ခပ်ဆိုးဆိုးတွေက ချိုတယ်
ပိုးစိုးပက်စက်
ငါ့ကိုလှောင်ရယ်နေတဲ့အောင်မြင်မှုတွေက ခါးတယ်
အရာရာတစ်လွဲတွေကိုမှစိတ်ဝင်စားတတ်ခဲ့တဲ့ငါ့ဝါသနာကို ရွံ့တယ်
ခုတော့
တစ်ခန်းရပ်ဇာတ်ထုတ်လို
အေးခဲနေတဲ့ဆောင်းညတွေထဲ
အတိတ်အကျိုးအကြေတွေနဲ့ဖွဲ့ထားတဲ့အိပ်ယာခင်းနဲ့
ပါးလွှာလွန်းတဲ့အရေပြားနဲ့
ရွှေအိုရောင်ပင့်ကူအိမ်းခြုံလွှာတစ်ထည်နဲ့
စိတ်ကစိတ်ကိုချော့သိပ်နေမိတော့ရဲ့။

Saturday, October 4, 2008

ကျွန်တော် မှတ်တမ်းမရေးတတ်သလို ရေးလေ့ရေးထလည်းကျွန်တော့်မှာမရှိပါဘူး
ဒါပေမယ့် ဘယ်တော့မှမေ့ဖျောက်ပြစ်လို့ရမယ်မထင်တော့တဲ့ အတိတ်က ရွှေအိုရောင်
နေ့စွဲတွေအကြောင်း ကျွန်တော့်နှလုံးသားထဲမှာရော အသွေးအသားထဲမှာပါ တည်နေခဲ့
ပါတယ် တည်လည်းတည်နေဆဲပါ နောင်နှစ်ပေါင်းများစွာအထိ တည်ရှိနေဦးမှာပါ
တစ်ခါတစ်ခါ ကျွန်တော့်ကိုယ်ကျွန်တော်မေ့သွားလောက်အောင်ကို သူမကိုလွမ်းဆွတ်
တမ်းတနေမိဆဲပါပဲ မေ့ဘို့ဆုံဆည်းခဲ့တာမဟုတ်လေတော့ မေ့ဘို့လဲကြိုးစားမနေတော့ပါ
ဘူး ကြိုးစားလဲ ရမှမရနိုင်တာလေ ကျွန်တော်သူမကိုချစ်နေဆဲပါလို့ ဖွင့်ဟခွင့်မရှိတော့ပေမယ့်
သူမနဲ့ပတ်သက်ခဲ့သမျှ -----အားလုံးကို သူမကိုချစ်တဲ့စိတ်နဲ့ပဲ ဆက်လက်လွမ်းနေလိုက်ပါတယ်

Friday, October 3, 2008

ဂလိုဘယ်(လ်)ခေတ် စကတ်တိုဝတ်ကောင်မလေးများနှင့် မျက်နှာငယ်နေရတဲ့မြို့


ခေတ်နဲ့ရင်ဘောင်တန်းနိုင်လို့တဲ
့သူမ၀တ်နေကျစကတ်ကိုအနားကနေဖြတ်ဖြတ်ပြစ်တယ်
အလုပ်လက်မဲ့ကောင်လေးတွေက
နားကပ်ဝတ်ပြီးဘောင်းဘီကိုဓားနဲ့မွှမ်းတယ်
ဆိုက္ကားသမားက
ဝေါ့ကင်ရှုးစီးပြီးအလုပ်ဆင်းတယ်
ရီဝေေ၀အရောင်းဆိုင်တွေက
ငွေနဲ့ညှို့ပြီ ကောင်မလေးတွေကိုအရင်ငှဲ့ပေးခိုင်းတယ်
ခွက်ထိုးခွက်လှန်
သတ်ပုံအမှားတွေနဲ့ဒီမြို့က
ကျောင်းဆရာတွေကို လူရွှင်တော်အလုပ်ခန့်တယ်
အသားမဲမဲပြာပြာကောင်မလေးတွေ
သူမတို့အလှဆုံးပေါင်တန်လေးတွေနဲ့ လမ်းတကာကို ကားချဲ့ကြတယ်
ခွက်ထိုးခွက်လှန်
စိတ်ဓာတ်တွေအရည်အသွေးကျဆင်းကုန်ကြပြီ
အချစ်တွေကုန်ခမ်းခြောက်ကုန်ကြပြီ
အသိတွေနယ်ကျွံကြကုန်ပြီ
မိဘတွေအိမ်ဖေါ်ဖြစ်ကုန်ကြပြီ
ကဲ----------ကောင်းကြသေးရဲ့လား
ဟူး-----
နောက်ကျတယ်ဆိုတာ
ဘယ်အရာမှမကောင်းဘူးတဲ့
အမောဖောက်နေတဲ့မြို့က သူ့သက်မောတွေခြွေရင်ပြောတယ်
နေ့စဉ်
အိတ်ဇောငွေ့တွေထောင်းထောင်းထနေတဲ့ဘတ်(စ်)ကားတွေနဲ့
ရုန်းရင်းဆန်ခက်
လမ်းကိုနားနဲ့စွန့်ပြီးလျှောက်နေသူရောင်စုံလူတန်းစားတွေနဲ့
ပြတ်တောင်းပြတ်တောင်းonlineအချိတ်အဆက်Internetတွေနဲ့
အချိန်ကိုေ၀၀ါးစေတဲ့လူရွယ်တွေနဲ့
ဟန်းဖုန်းခါးချိတ်ပြီးတွေ့ကရာဝင်ဝင်တိုက်နေတဲ့သူရူးတွေနဲ့
သေတ္တာထဲက
မလုံခြုံတော့တဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့
အမြတ်ကြီးကြီးအရင်းနဲနဲ
စားသုံးသူတွေနစ်မွန်းမျောပါစေတဲ့ ခေတ်ပြိုင်ဝိသမစီးပွားရေးစီးချောင်းတွေနဲ့
ငိုရှိုက်သံ
ဘ၀ကိုအဓိပ္ပါယ်ဖွင့်မှားသွားတဲ့လုံမလေးတွေရဲ့သံဝေဂပျို့အလင်္ကာတွေနဲ့
ချောင်ကျကျ
လူတွေနဲ့ကင်းကွာလာတဲ့ဘာသာရေးအုပ်ခုံတွေနဲ့
ဖျောက်ဆိတ်ကြယ်လို
နီကျင်ကျင်မီးလုံးလေးလောက်တောင်ငဲ့ကြည့်သူမဲ့လရောင်တွေနဲ့
ပင့်ကူအိမ်လို
လူငယ်တွေရဲ့စရိုက်တွေနဲ့
ဟောဒီမြို့က
ဒုက္ခသည်အမည်အတပ်ခံလိုက်ရတော့တယ်