Friday, December 19, 2008

ဘာလိုလို

ဘာလိုလို
လရောင်လူးဆောင်းညလမ်းလေးပေါ်
ဘ၀ကပြောတဲ့ဘ၀အကြောင်းစဉ်းစားမိတယ်
ကံတရားဆိုတာလက်ဖ၀ါးပေါ်ကသီဝရီတွေနဲ့သတ်မှတ်လို့မရဘူး၊
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်
အများစိတ်နဲ့ကိုယ့်ကိုယ်
တစ်လမ်းသွားပေါင်းကူးတံတားလေးဖြစ်ဘို့ဆိုတာ
သီချင်းတစ်ပုဒ်ကိုဟာမိုနီလိုက်သလိုလွယ်ရင်လဲအကောင်းသား၊
နေ့စဉ်
အလင်းအမှောင်စီးမျောမှုထဲ
ဖြစ်တည်လှုပ်ရှားမှုကရုပ်ရှင်ကားတစ်ကားပမာ၊
ဘာလိုလို
ပြက္ခတိန်တွေတစ်ရွက်ချင်းကြွေကျသွားတဲ့အသက်မှာ
အမေကပြောတယ်
ငါ့သားရင့်ကျက်လာပြီတဲ့
ပတ်ဝန်းကျင်ကပြောတယ်
မင်းပြောင်းလဲသွားပြီတဲ့
အရင်းနှီးဆုံးသူစိမ်းတစ်ယောက်ကပြောတယ်
သတ္တိမရှိဘူးတဲ့
ဘယ်လိုဝေဖန်ချက်တွေနဲ့အန်ဝင်ခွင်ကျမဖြစ်တဲ့အခန်းကျဉ်းလေးထဲ
ငါ......
စာကျက်နေရမှာလား
စီးပွားရေးအကြောင်းတွေးနေရမှာလား
အချစ်ကဗျာတစ်ပုဒ်ကိုခံစားရေးဖွဲ့နေရမှာလား
မရေရာမှုတွေအတွက်
နှင်းတွေလှည့်လှည့်ပြန်သွားတယ်၊
ဘာလိုလို
ဘွဲ့လက်မှတ်တွေတစ်ခုပြီးတစ်ခုနံရံပေါ်ကပ်တွယ်တက်တက်လာတယ်
ခုချိန်ထိ
စိတ်ကစိတ်ကိုပြန်ညှို့ နေဆဲလား
စိတ်ကစိတ်ကိုပြန်ချွတ်နေဆဲလား
မေမေရေ.....
စိတ်ကူးထဲကအိပ်မက်ရိုးပြတ်လေးဟာသားဘ၀ရဲ့ လူနေမှုအဆင့်ပဲလား
လူ့အဖြစ်ရဲ့ ဖြစ်တည်မှုဆိုတာလဲ
ကြက်မကြီးရဲ့ အတောင်ကြားကတိုးထွက်ချင်နေတဲ့ကြက်သားလေးတွေလိုပဲမေမေ၊
ဘာလိုလို
ကိုယ်ပိုင်မျက်ရည်နဲ့စတင်မိတ်ဖွဲ့မှုအပြီးမှာ
အငှါးမျက်ရည်နဲ့နိဂုံးမချုပ်ခင်အထိတော့
အလိုက်သင့်
လူတွေကိုလိုက်ပြုံးပြနေရဦးမယ်
လူတွေကိုလိုက်ကူညီပေးနေရဦးမယ်
လူတွေကိုလိုက်ပြီးဒေါသဖြစ်နေရဦးမယ်
လူတွေကိုလိုက်ပြီးချစ်ပြနေရဦးမယ်
လူတွေရဲ့ လှည့်စားချက်တွေကိုလက်ခံစဉ်းစားပေးနေရဦးမယ်
အသိတွေနွံနစ်တဲ့အခါ
လူတွေအပေါ်လိုက်ပြီးမကောင်းကြံနေရဦးမယ်
လူတွေဆီက ရောင်စုံအသံတွေနားထောင်ပေးနေရဦးမယ်
ဟင်း....
ဒီနေ့လည်း
ဘာလိုလို..............................

Tuesday, December 16, 2008

ဝေးနေချိန်


ခေါ်သံသဲ့သဲ့ကြားမိသလိုလို
နှလုံးသားကိုဆွဲငင်သွားသူဘယ်မှာလဲ
မှုံဝိုးဝါးမြူနှင်းတွေထဲ
အရိပ်တွေဆွဲအဆန့်ခံရတဲ့သစ်ပင်က
အလွမ်းတွေသံသရာရှည်နေဦးမှာလားတဲ့

တစ်ချိန်က
ရယ်မောဘွယ်အချိန်းအချက်တွေ
ခုတော့
ရင်မောဘွယ်လွင့်မျောနေခဲ့
ှဗာဒံပင်လေးလိုပြန်လည်ငြိမ်းချမ်းခွင့်ရနိုင်ဦးမှာလား
သေချာမှုတွေူကမ်းပြန်သွားတဲ့နောက်တော့

ဖြစ်တည်နေရမှုက
အဝေးမြို့ ဥသြသံလို-----
ချစ်သူရယ်
ရင်ရဲ့လှိုက်ဖိုသံ
ချစ်သူ့အနားမှာနေခွင့်ရကာလရဲ့ပြီးပြည့်စုံမှုများ
အင်းလျားကန်လိုဘယ်တော့တည်ငြိမ်ခွင့်ရမှာလဲ
မပြည့်စုံခြင်းမှာအမြစ်ဆင်းမိခဲ့သောချစ်ခြင်းများနဲ့
အခွင့်ရှိသေးရင်
ဆုံဆည်းရာ ကဖေးဆိုင်လေးထဲမှာအတူရှိခဲ့ဘူးတဲ့အဖြစ်တွေ
မင်းမျက်ဝန်းသောကြာဒေါင့်ကျိုးလေးမှာချိတ်ဆွဲထားချင်ရဲ့
ချစ်သူရေ
သမိုင်းကိုစိတ်နဲ့အ၀ါရောင်ချယ်ပြီ
အိပ်မက်တွေမြူးရမယ့်ကာလလေးအတွက်
မြင်သမျှ
ခရမ်းရောင်သင့်ကွက်လက်များ
အရိုးပြိုင်းပြိုင်းထအကျည်းတန်နေပုံ။

Tuesday, December 9, 2008


အချစ်ကချစ်ရေးလာမဆိုဘူး

အိမ်ထောင်ပြုမယ်ဆိုလည်း
ခွဲနေရမယ့်အရွယ်ရောက်ပေါ့
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
အချစ်ကငယ်တယ်၊ချောတယ်
အချစ်ကရွှေငါးလေးတစ်ကောင်လို
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
ကျော့ရှင်းလွန်းလှတယ်
အချစ်ကဆူးထောက်ခွလေးဂျင်းဘောင်းဘီဝတ်ပေးထားသလို
ဆိုင်ကယ်ကိုမြင်းလုပ်စီးနေတဲ့အချိန်
အချစ်ကပိုလှတယ်
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
အတွင်းကျကျမသိရပေမယ့်
အချစ်က က နေတဲ့ဒေါင်းမလေးလို
စိတ်ကစားပြီးကော့နေတတ်တဲ့ညနေခင်းတွေမှာ
အချစ်ကပိုလှတယ်
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
ပုထုဇဉ်ပီပီ
အချစ်ကလူးလူးလွန့်လွန့်ငါးရံ့မလေးလို
ပလူးပလဲကူးခက်နေတဲ့အချိန်
အချစ်ကပိုလှတယ်
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
စက်စက်ယိုလောက်အောင်
အလှတွေတိုးပြီးရင်းတိုး
အချစ်က နွားမတန်းမလေးလို
ပုရိသတွေ အာရုံစူးစိုက်မှုခံနေရတဲ့အချိန်မှာ
အချစ်ကပိုလှတယ်
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
ပုထုဇဉ်ပီပီ
ခြေအစခေါင်းအဆုံး
အချစ်ကိုဝါးမျိုပစ်ချင်နေတဲ့မြွေတစ်ကောင်လို
ငါ့မှာ ရမ္မက်တွေထကြွနေချိန်
အချစ်ကပိုလှတယ်
အချစ်ကငါ့ကိုချစ်ရေးလာမဆိုဘူး၊
သာရလင်း

ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေး




ကမ်းပါးထိပ်မှာ
ငါရပ်နေခဲ့တယ်...
ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေးအတွက်..။

သံသရာဆိုတာသိပ်ကျယ်ပြောတာပဲ
ငါတို့တစ်နေရာရာမှာသစ္စာပြုခဲ့ကြဖူးသလား
တရားသော“စစ်”ဟာလည်း“စစ်”ပဲ
ငါတို့ဝေးခဲ့ကြဖူးတယ်။

ဘယ်နေရာမှာပြန်ဆုံမယ်ဆိုတာသိတော့သိခဲ့ကြမှာပဲ..
လှိုင်းတွေကကြီးလွန်းပြီးပင်လယ်ကွေ့တွေကများလွန်းတယ်
ဆံချည်တစ်မျှင်စာလောက်ပဲကွာတဲ့ဖြစ်ရပ်တွေကလည်းအများကြီးပဲ
အရောင်တွေကိုငါတို့နှလုံးသားနဲ့ပဲခွဲရလိမ့်မယ်
သစ်အယ်သီးရောင်လှေကလေးဟာကမ္ဘာမှာတစ်စင်းတည်းရှိတာမှမဟုတ်တာ။

အဲဒီအချိန်မှာအရာရာအားနည်းနေခဲ့ရင်
အမှတ်အသားပြုခဲ့တဲ့နေရာတွေနဲ့လွဲရလိမ့်မယ်
ချစ်သူရယ်
ဟောဒီကမ်းပါးထိပ်မှာ
ကိုယ်ရပ်နေခဲ့ပါတယ်။ ။
မနော်ဟရီ


မဆုံနိုင်သောအိပ်မက်များစွာသို့ရည်ညွှန်းပါသည်။

Sunday, December 7, 2008

ဘ၀ကိုစကားလုံးများဖြင့်ဆေးရောင်ချယ်ခြင်း


အရောင်တလတ်လတ်စကားဝိုင်းထဲ
မှတ်ချက်ကိုယ်စီအသက်ပြင်းပြင်းရှုနေတဲ့အယူအဆများ
အနုပညာစမ်းချောင်းလေးတလျောက်စီးဆင်းလို့
ဘေးကမေးထောက်ငေးရီနေတဲ့ကောင်မလေးက
အဲဒီစကားဝိုင်းလေးခံစားမှုများရဲ့သားကောင်အဖြစ်အသက်သွင်းနေမည်လား
တဒင်္ဂ
ကိုယ့်နာမည်ကိုယ်မေ့လျော့သွားခဲ့
အဲဒီနေ့
အိမ်အပြန်လမ်းမှာ
ငါ့ကိုယ်ငါရဲဆေးတင်လိုက်တယ
်တောင်းဆိုချက်တွေပိုင်ဆိုင်ထားတဲ့ဘ၀က
အမြဲငြင်းဆန်ခံရဘို့မဟုတ်ဘူး
အဲဒီလို
စိတ်ကူးများနဲ့မြူးကြွခဲ့တဲ့ခြေလှမ်းများ
အိမ်အ၀င်ဝသဘာဝအလှတွေနဲ့မဲမဲမှောင်နေတဲ့အခန်းတံခါးရှေ့မှာကျက်သေသေလို့
ဆန်အိုးထဲကတစ်ဆုပ်စာဆန်အကျိုးအကြေနဲ့
တဂွိဂွိလှောင်ရယ်နေတဲ့လေနာရောဂါကိုဘယ်လိုငြိမ်းချမ်းရေးဆိုရပါ့
ဒီညလည်း
အ၀စားနှစ်ရာတန်နဲ့ပွဲတော်တည်ရဦးမယ်
ဆာလောင်မှုတွေရဲ့ထွက်ပေါက်ကျဉ်းမြောင်လွန်းတဲ့ခေတ်
အနုပညာကအဆင်မပြေမှုတွေနဲ့ပခုံးဖက်ကြီးပြင်းလာရော့လား
ဆင်းရဲမှုတွေနဲ့အပွေးတတ်လှပရမယ့်ဘ၀ရဲ့ခန်းနားကြီးကျယ်ချိန်ကဘယ်မှာလဲ
ကဗျာမရေးတော့ဘူး
စိတ်ပျက်ပျက်နဲ့ဘော(လ်)ပင်ကိုလွှတ်ချမိလိုက်တော့
စကားလုံးတွေနဲ့တသွေးတမွေးလှနေတဲ့စာမျက်နှာက
ငါ့ကိုကလူကမြူပြုလို့

ဂစ်တာသံဆိတ်သုဉ်းတဲ့ည

ဂစ်တာသံဆိတ်သုဉ်းတဲ့ည

အတိတ်ကနွေးထွေးမှုတွေလဲ

ငါ့အနားမှာစီးဆင်းခွင့်မရှိတော့ပြီပဲ
ဆောင်းနံနက်ခင်းလို
အေးခဲလာတဲ့ဆက်ဆံရေး
အနာဂတ်ရဲ့နိမိတ်ပုံများလား
မနက်ဖြန်ပြောဖြစ်မယ့်စကားဝိုင်းလေးထဲ
နားလည်မှုတွေနဲ့ ငြိမ်းချမ်းရေးဆိုချင်ရဲ့
ခုတော

အသိစိတ်နဲ့ထိန်းချုပ်ထားရတဲ့ခံစားမှုများ

ရင့်ကျက်မှုအစစ်လို့ကိုယ့်ကိုကိုယ်ပြန်ညာလို့ရင်လဲအကောင်းသား
ပန်းချီဆရာ
ဆေးစက်ကျရာအနုပညာဖြစ်သေးရင်
ဘာကြောင့်များမသေချာခဲ့ကြတာလဲ
သစ်ပင်စိုက်ရင်တောင်မှသစ်သီးစားရဘို့မသေချာတဲ့ရာသီ
တိမ်တွေအလိပ်လိုက်ဖြတ်သွားတာမြင်တိုင်း
မချင့်မရဲလွမ်းမိပါရဲ့ချစ်သူ
မင်းအမြင်မှာ
ငါအဖြစ်ကလမိုက်ည
ငါ့ဘ၀ကအင်္ဂါမစုံတဲ့မိုးကောင်ကင်
မျှော်လင့်ချက်နဲ့တည်ဆောက်ခဲ့သမျှ
လောင်ကြွမ်းခံဘို့စောင့်နေရတဲ့အဖြေ
ရင်နင့်သီးချာ
ညက ညမဆန်တော့ဘူး။

Saturday, December 6, 2008

တစ်ကိုယ်ရေမှတ်တမ်း

ဘာရယ်မဟုတ်ဘူး
မိုင်တိုင်အမှတ်(26)အလွန်ရောက်မှ
အချစ်ကိုစိတ်နဲ့ကစားကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
နှင်းဆီဝါအိပ်မက်တစ်လှေစာနဲ့
ဘ၀ကိုသွေးတိုးစမ်းကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
တစ်သက်စာစိတ်ကူးချိုချိုတွေနဲ့
မင်းမျက်နှာကိုတိတ်တိတ်လေးပုံရိပ်ကူးခဲ့တာ
ဘာရယ်မဟုတ်ဘူး
(ဘာမသိညာမသိ)
နယ်ကျွံယုံကြည်ချက်တွေနဲ့
ဘုရားရှေ့မှာအတူအဓိဋ္ဌာန်ခဲ့တာ
ကောင်မလေးရ
ဘာမဟုတ်ညာမဟုတ် နင်ထွက်သွားတော့
အချစ်ကစိတ်ကိုပြန်ကစားလို့
အိပ်မက်ကညကိုပြန်လှည့်စားလို့
ပြောဖြစ်ခဲ့သမျှစကားလုံးလှလှလေးတွေက
ငါ့ကော်ဖီခွက်ထဲမိုးတွေရွာစေလို့
မင်းပုံရိပ်က
ငါ့နှလုံးသားမှာအမာရွတ်လိုထင်ကျန်ရစ်လို့
ခုတော့
ဘာမသိညာမသိ
အခွံသက်သက်မိုးလို
ငါ--လွင့်မျောနေခဲ့။

မြတ်ငြိမ်း။။