Tuesday, October 7, 2008

နှစ်ကိုယ်ခွဲ



ခုတစ်လော--
ဒီစိတ်နဲ့ဒီကိုယ် ကတောက်ကဆဖြစ်လွန်းတယ်၊
အပြုသဘောကဘ၀ရဲ့အလိုတော်ရိဖြစ်နေချိန်
ကိုယ့်အငွေ့နဲ့ကိုယ်ပြန်မွန်းနစ်နေတဲ့ခရုအိမ်တွင်းပိုင်းကပန်းချီပြခန်းက
မျက်ရည်ယိုဗုံးတွေအစီအရီချိတ်ဆွဲပြီးလေလွင့်လို့၊
အတ္တကိုထုဆစ်ခွင့်မရှိတဲ့ပန်းပုဆရာက--ငါ
အလိုမကျမှုပုဒ်မနဲ့ကိုယ့်ကိုကိုယ်ပြန်တရားစီရင်ခွင့်မရတဲ့ဥပဒေသမားက--ငါ
အပေါ်ယံသဏ္ဍာန်ဆိုတာ
ဟန်ဆောင်မှုတွေနဲ့ရှုပ်ထွေးနေတဲ့ကြည့်ပျော်ရှုပျော်ဆီဆေးစွန်းခပ်နွမ်းနွမ်းပိတ်စတစ်ချပ်
ကိုယ့်အရိပ်နဲ့ကိုယ်ပြန်တိုက်နေရတာလောက်ပြင်းထန်တဲ့စစ်ပွဲမရှိနိုင်ဘူး၊
ရင်မောတယ်
ယဉ်ကျေးပြီးမလိမ္မာသေးတဲ့စရိုက်နဲ့
ခေါင်းညိမ့်ပြီးလူမသိသူမသိငြင်းပယ်လိုက်တဲ့အတ္တနဲ့
တိမ်တွေအလိပ်လိုက်ဖြတ်သန်းသွားတိုင်း
ကျောတစ်ပြင်လုံးကော့ကော့ပေးနေရတဲ့ဒုက္ခက ကြီးရဲ့၊
ဖြူစင်မှုနဲ့
အစာမတတ်ဘဲငါးမျှားချင်ခဲ့သမျှ
မြင့်မြတ်မှုနဲ့
ကိုယ့်အိပ်မက်နဲ့ကိုယ်ပြန်လက်ထပ်ချင်ခဲ့သမျှ
ဆုပ်ကိုင်မိတာက
လွတ်ကျကြေကွဲသွားတဲ့အသံတွေချည်း၊
ကိုယ့်ကိုကိုယ်ပြန်သိမ်မွေ့ချင်တဲ့အရိုင်းစိတ်ကိုသနားတယ်
ငါ့ကိုပိုးစိုးပက်စက်ခေါင်းခါပြသွားတဲ့ကောင်စုတ်မလေးကိုလွမ်းတယ်
စိတ်မပါဘဲလက်ရောက်နေရတာကိုငြီးငွေ့တယ်
ကိုယ့်ကိုကိုယ်ပြန်ခေါ်လိုက်တဲ့အသံမှာ သူမအကြောင်းကပ်ပါလာတာကိုချစ်တယ်
ပတ်ဝန်းကျင်ကိုမဝေဖန်တတ်ခဲ့တဲ့ငါ့အကျင့်ခပ်ဆိုးဆိုးတွေက ချိုတယ်
ပိုးစိုးပက်စက်
ငါ့ကိုလှောင်ရယ်နေတဲ့အောင်မြင်မှုတွေက ခါးတယ်
အရာရာတစ်လွဲတွေကိုမှစိတ်ဝင်စားတတ်ခဲ့တဲ့ငါ့ဝါသနာကို ရွံ့တယ်
ခုတော့
တစ်ခန်းရပ်ဇာတ်ထုတ်လို
အေးခဲနေတဲ့ဆောင်းညတွေထဲ
အတိတ်အကျိုးအကြေတွေနဲ့ဖွဲ့ထားတဲ့အိပ်ယာခင်းနဲ့
ပါးလွှာလွန်းတဲ့အရေပြားနဲ့
ရွှေအိုရောင်ပင့်ကူအိမ်းခြုံလွှာတစ်ထည်နဲ့
စိတ်ကစိတ်ကိုချော့သိပ်နေမိတော့ရဲ့။

No comments: