Saturday, January 24, 2009

ဒီတစ်ခါ ကျွန်တော်ဖတ်ခဲ့သမျွကဗျာတွေထဲကအကြိုက်ဆုံးကဗျာတစ်ပုဒ်ကိုမျွဝေခံစားလိုက်ပါတယ်
အားလုံးကို


ရန်ကုန်

မြို့တော်က အလုပ်မလုပ်တော့ဘူး
အရိပ်တွေခြောက်သွေ့
ကုန်သည်လေတွေ ပြောင်းပြန်စီး
ကုန်းမြင့်မြင့်မှာ လှေတွေ
ကားတွေက ရေတွေယက်
မြို့တော်ဟာ အေးစက်နေပြီ
မိုးတစ်စက်ကျရုံနဲ့ မြို့တော်ဟာ
ရေကြီးတတ်နေပြီ။
ထုံကျင်နေတဲ့ အသားစတွေ
လမ်ဘေးဝဲယာချောင်းမြောင်းနေတဲ့ကျီးကန်းတွေ
လှုပ်ယမ်းနေတဲ့ ဓာတ်ကြိုးတွေ
စီးဆင်းသွားတိုင်း မီးမလင်းသေးဘူး
ညဆန်ဆန်နဲ့ လှတယ်
မြင်သမျှမြို့တော်မှာ အကျည်းတန်နေပြီ။
မြို့တော်မှာ အစာတောင်းမယ့်သားရဲတွေ
မရှိတော့ဘူး
မြို့တော်မှာ အရိပ်ကောင်းတဲ့ သစ်ပင်တွေ
မရှိတော့ဘူး
အရာရာဟာ ပြောင်းလဲကုန်ပြီ
ထိုးကြိတ်ထည့်ထားတဲ့ တစ်နေ့တာ ရှင်သန်မှုကို
မနက်ဖြန်မှာ ဆက်လက်ရှိဦးမလား စိုးရိမ်
သောကကို ထမင်းဘူးထည့်သလို
ငါတို့အစာအိမ်က အလိုက်မသိ
မြို့တော်ဟာ ပြတိုက်ဆန်လာပြီ
မြို့တော်ဟာ တလင်းမြေဆန်လာပြီ
အသံတိတ် နှစ်မြုပ်ထားတဲ့ အဆိပ်ကို
တစ်အိတ်လုပ်ပြောမနေတော့ဘူး
စိတ်ကို ဘူးဖေးစံနစ် လုပ်ပစ်ဖို့ပဲရှိတယ်။
ကိုယ်အားကိုယ်ကိုးက နေသားကျလာတဲ့
လူနေမှုပုံစံ
မြို့တော်ဟာ ခေတ်မီလာသလို
အနောက်တိုင်းဆန်လာပါပြီ
ပုံသဏ္ဍန်မပြောင်းလဲပေမယ့်
ငါတို့စိတ်တွေ မြို့တော်နဲ့
လိုက်ဖက်အောင် ပြောင်းလဲရတော့မလား
မြို့တော်ဟာ ငါတို့ကို လိုအပ်နေပြီ
မြို့တော်က ငါတို့ဖေးမမှုကို မျှော်နေပြီ
ဘယ်လိုလဲ
ရှိစေ……
ခင်ဗျားလည်း သဘာနဲ့
ကျွန်တော်တို့လည်း အထာနဲ့
မိုးချုပ်ချုပ်မှာ ဆိုက်ရောက်လာမယ့်
အလင်းရောင်ထဲ ခင်ဗျား လွယ်အိတ်တချို့ လွယ်ထားမှဖြစ်မယ်။ ။

တည်ရ

No comments: