Wednesday, February 18, 2009

ခရီးတစ်ခုဖြတ်သန်းခြင်း

ကျွန်တော်တို့အားလုံးဟာ ဘ၀ကိုစခဲ့ကတည်းက မိခင်ဝမ်းမှာ မွန်းကျပ်မှုတွေနဲ့
ဒုက္ခပေါင်းများစွာခံစားရပြီးမှ လူဆိုတဲ့အမည်တစ်ခုနဲ့ ခရီးတစ်ခုကိုစတင်ခဲ့ရတယ်။

မိဘတွေရဲ့ မေတ္တာရိပ်မှာ ရင်ငွေ့လှုံခဲ့ ကြ သုခ ဒုက္ခ ချမ်းသာ ဆင်းရဲ စတဲ့ ဘာမှနားမလည်သေးတဲ့အရွယ်၊ ဒါပေမယ့် ကျွန်တော်တို့လူ့အဖြစ်ရဲ့ ပျော်ရွှင်ဘွယ်နေ့
ရက်တွေဆိုတာ မျောက်အုန်းသီးရသလိုမျိုး နဲ့ အဲဒီအချိန်တွေကိုဖြတ်သန်းခဲ့ကြတာ၊
ဒီလိုနဲ့ ရက်မှ လ၊ လမှနှစ် ကူးပြောင်းသွားသောအခါ
ဘ၀ဆိုတာဘာလဲလို့နားမလည်သေးပေမယ့်ပျော်ရွှင်မှုကိုစတင်ပြီးတီးမိခေါက်မိ နားလည်သလိုလိုနဲ့ဘာမှနားမလည်သေးတဲ့အရွယ်တွေလဲဖြစ်သန်းခဲ့ကြ၊ စီးပွားရေးလူမှုရေးမိသားစုအရေးအရေးပေါင်းများစွာရဲ့အခက်အခဲတွေကိုနားမလည်သေးတဲ့
အချိန်တွေဟာ ဘ၀ဆိုတာကို စတင်အဓိပ္ပါယ်ဖေါ်ဆောင်ဘို့ တာစူခဲ့ကြပါတယ်။

ဒီလိုနဲ့ ဘ၀ကိုတည်ဆောက်ဘို့ ကိုယ့်သမိုင်းကို ရေးသားဘို့ ပထမခြေလှမ်းအနေနဲ့ ကျွန်တော်တို့ ဟာ ပျင်းစရာကောင်းသလို ပျော်စရာလဲကောင်းတဲ့ စာသင်ကျောင်းတွေမှာ စာတွေသင်ခဲ့ရ မနိုင်ဝန်တွေထမ်းခဲ့ရ အောင်မြင်မှုဆိုတာဘာလဲလို့ ခပ်ရေးရေးလေးတွေးတတ်လာခဲ့ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ရှင်သန်ခွင့်ကာလဟာလဲ လေးချိုးတစ်ချိုးလောက်ကုန်လွန်ခဲ့ပါတယ်။ပညာတွေသင်ရင်း နှလုံးသားကိုစတင်အချစ်နဲ့ထိတွေ့စေခဲ့ကြပြန်တယ်လေ။ပြီး ...အိမ်ထောင်တွေဘာတွေပြုရင်း ကိုယ်ပိုင်ဘ၀လေးတွေကိုဖန်တီးခဲ့ကြတယ်။မိသားစုရယ်ဘာရယ်ဖြစ်လာပြန်တော့လဲ စီးပွားရေး ပျော်ရွှင်ဖွယ်မိသားစုဘ၀လေးဖြစ်အောင် ပြုစုပျိုးထောင်ရ၊ သားသမီးတွေအတွက် အနာဂတ်အစီအစဉ်တွေရေးဆွဲရ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်းနဲ့ ကျွန်တော်တို့ရဲ့ ဘ၀ရှင်သန်မှုဟာ နေရဲ့ အကျဘက်ကိုဦးတည်လာခဲ့ရတယ်။


အသက်အရွယ်တွေရလာတော့ အလုပ်ကအနားယူ ဘ၀ကမငြိမ်းချမ်းသေးဘဲ ငြိမ်းချမ်းသလိုနေ၊ ဒီလိုနဲ့ နေညိုချိန်တိုင်ရတော့မယ် ဘ၀ရဲ့ နိယာမတစ်ခုအတွင်းမှာ။အသက်တွေကြီးပြီလို့ လက်ခံဘို့စဉ်းစားနေတုန်း ခန္ဓာကိုယ်က ဇရာသဘောနဲ့ အရာအား လုံးကိုနှုတ်ဆက်လက်ပြဘို့ သတိပေးလာတဲ့အချိန်၊တစ်ဘ၀လုံးရုန်းကန်လှုပ်ရှပ်ခဲ့ တစ်လျောက်လုံး ငါဘာတွေငါ့သမိုင်းမှာ ရေးချန်ခဲ့ပါလိမ့်လို့တောင်မတွေးနိုင်ခင်။
နောက်ဆုံးထာဝရ တစ်ဘ၀အတွက်အနားယူရာလေးမှာပဲ နေ၀င်ပျောက်ကွယ်သွားခဲ့ရပါတယ်။

No comments: