Pages

Thursday, November 27, 2008

ကဗျာတွေသေတဲ့ည


နေ့တွေအလေအလွင့်များလွန်းတယ်
ကဗျာမဖြစ်တဲ့ စိတ်အကျိုးအကြေတွေနဲ့
ဘ၀က နေ့စဉ် ၀တ်မပျက် အလေ့အကျင့်လေးအတိုင်းအလေးလံဆုံးရွေ့လျားမှုနဲ့
အိုမင်းရင့်ရော်လို့၊
မေမေရေ.......
မေမေပြောပြောနေတဲ့အိပ်မက်ရိုးပြတ်လေးဆိုတာ သားဘ၀ပဲလား
အလေ့ကျသစ်တစ်ပင်လိုတောင် လွတ်လပ်စွာစိမ်းလန်းခွင့်မဲ့ တိမ်တစ်အုပ်နဲ့
ညဟာ အမှောင်နံရံမှာကပ်ငြိနေခဲ့၊
ဆောင်းရာသီရောက်တော့မည်
အနွေးဓာတ်မဲ့အိပ်ယာခင်းလေးလဲ
ငါ့အသွေးအသားလိုအေးခဲလို့၊
ပြန်မရနိုင်တော့တဲ့နေ့တွေကိုလွမ်းတာ ပျော့ညံ့ခြင်းလား
တစ်ခါတစ်လေ
ဘ၀ရဲ့အာသီသကပြည့်မှုက
မိုးခေါင်ဒေသကတစ်တစ်ပင်လောက်တောင်ပြည့်ဝခွင့်မရှိခဲ့တော့...
ကောက်ကြောင်းမလေးရေ...
အသံတိတ်တမ်းတသံတွေနဲ့ဆူဝေနေတဲ့ငါ့ညနေခင်းလေထဲ
မင်းခြေအစုံလေးပြန်လှည့်လာဘို့
ဘ၀ကိုဘယ်လိုဈေးနဲ့ပိုင်းဖြတ်ဆွဲငင်ရမလဲ
အတိတ်က မိုးသဲညတွေထဲ
လေတယ်
တေတယ်
မင်းမရှိတဲ့နေ့တွေမှာ အသက်ကသေတယ်
အတိတ်က မိုးသဲညတွေထဲ
ငါ့အနာဂတ်က တွေတယ်
ငါ့ကဗျာတွေလေနေတယ်

မြတ်ငြိမ်း(27.11.2008)

Wednesday, November 26, 2008

ရင်ကွဲမြို့
အသံတိတ်အော်ငြည်းသံတွေကို
နားမဆံ့အောင်ကြားနေရတယ်၊
အစဉ်အလာတွေနဲ့ကြိုးပေးခံနေရတဲ့မြို့ကလေး
အခုဆို
ဆွေရိပ်မျိုးရိပ်အမုန်းတရားတွေနဲ့ဝေလို့၊
ဘာသာဘေဒမလိုတဲ့မျက်ဝန်းတွေကို
အတင်းအဓမ္မရိုးသားလို့၊
ညီမလေးဂူဂူးရေ.....
မင်းနဲ့ဝေးရတော့မယ့်ဝတ်လစ်စလစ်မြို့လေးကမျာ
အသာငမ်းငမ်းတက်နေတဲ့အလွမ်းနဲ့
လူမသိသူမသိမီတောင်တစ်ခုနဲ့ ပြိုလုလုမျက်ဝန်းတစ်စုံန
ဲ့ လု
ချင်
ယောင်
ဆောင်
လို့။
မြို့ကလေးရဲ့ခေါင်းလောင်းသံမှာ
ညီမလေးဟာတသက်တာညီမလေးဖြစ်တဲ့အကြောင်း
မပေါင်းသင်းလိုက်ရတဲ့မိုးနဲ့မြေဖြစ်တဲ့အကြောင်း အရောင်ပြယ်သွားတဲ့အ၀ါရောင်ပန်းကလေးတစ်ပွင့်ဖြစ်တဲ့အကြောင်း
ကိုယ့်ရင်ဘတ်ဟာ
ရိုမန်ဝတ္ထုတစ်ပုဒ်ရေးထားခြင်းမဟုတ်တဲ့အကြောင်း ကောင်းကောင်းမအိပ်ရသေးတဲ့ကြယ်ကလေးတစ်ပွင့်ဖြစ်တဲ့အကြောင်း
လှစ်ပြနေတယ်။
တကယ်ဆို
ဘယ်တော့ဖွားမည်မသိတဲ့ဒုက္ခနဲ့
အစဉ်အလာတွေဖိနှိပ်ထားရတဲ့မြို့ကလေးဆိုတာ
ကိုယ်ပါ။

ကေတီဦး

Wednesday, November 19, 2008

မပြောင်းလဲတဲ့ညနေခင်းတွေ

မနေ့ကချစ်သောသုဿာန်အဟောင်းမလေးစတင်ရေချတဲ့နေ့ပဲ
အလင်းလာကတည်းက ဘုရားသခင်နဲ့ ဂူဂူးကိုသတိရတယ်
အပြောင်းလဲမြန်တဲ့ခေတ်ကာလ၊အပြောင်းအလဲမြန်တဲ့လူ့ဘ၀ ငါတို့တွေလမ်းကို
ကျောပေးလျောက်ခဲ့ကြ။
မင်းက မင်းပစ်ကွင်းထဲကကိုယ်ပိုင်စီးပွားရေးအကြောင်းပြောရင်
ငါကငါ့ပစ်ကွင်းထဲကမေတ္တာအကြောင်းပြောမယ်၊

မင်းကဖုန်နံ့သင်းနေတဲ့မင်းချစ်သူအကြောင်းပြောရင်
ငါက မမြင်ဘူးသေးတဲ့အွန်လိုင်းပေါ်ကကောင်မလေးအကြောင်းပြောမယ်၊
မင်းက ဈေးသူပီပီဈေးကွက်စီးပွားရေးနဲ့မေတ္တာကိုအလေးချိန်ပြီးအရောင်းအ၀ယ်လုပ်ရင်
ငါကအလေအလွင့်တစ်ယောက်ပီပီအလေ့ကျပေါက်တဲ့မေတ္တာတရားကိုရှာဝယ်မယ်၊
မင်းက အစဉ်အလာတွေနဲ့အထက်တန်းကျကျနေချင်ရင်
ငါက ရိုက်ချိုးထားတဲ့ခေါက်ရိုးအဟောင်းတွေနဲ့ရွှင်ရွင်ပြပြသေချင်တယ်။
မင်း ရေပြင်လေးပေါ်ကူးခက်ခွင့်ပေးခဲ့သလို ရွက်(ပဲ့ )ကလေးလိုလဲ ငါ့ကိုထိန်းပေးခဲ့တယ်။
မင်းက အယောင်ဆောင်လူသေအလောင်းတွေပေါ်က
ရင်ဘတ်နဲ့ ညဥ့်ဦးယာမ် အိပ်မက်တွေဝယ်ရင်
ငါက မင်းရဲ့လာမယ့် အရုဏ်ဦးအတွက်ညစဉ်ကိုးနာရီတိုင်းသစ္စာဆိုမယ်။
ငါ့ထက် တစ်နှစ်တစ်လ နောက်ကျ ကံဆိုးခဲ့ရရှာသောဂူဂူးရေ--
သတိရမှုတွေပေးပို့လိုက်ပါတယ် မင်းရဲ့မွေးနေ့သစ်ပင်လေးဆီ။
ရန်ကုန်မှာ လိုင်းကားတိုးစီးရသလိုပဲ မင်းကိုလွမ်းပါတယ်၊
အမေနဲ့သမီးလိုပဲ မင်းနဲ့နေ့တိုင်းဖုန်းပြောချင်ပါတယ်၊
မကြားရတော့သော ငါ့ရဲ့ညာဘက်နားကလေးလိုပဲ မင်းကိုတမ်းတမိပါတယ်၊
ငွေဟာ ရာခိုင်နှုံးငါးဆယ်လောက်သာအရာရာပြီးမြောက်စေကြောင်းသတိရပါ။
အနုပညာဆိုတာ မင်းမြင်သလို စိတ်ကူးခွင့်ရှိတဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုပါ။
မင်းမြင်တွေ့နေရတဲ့ ဆယ်ဘီးကားဆိုတာ
ကိုယ့်နံကြားကထွက်လာတဲ့စကားကြီးဆယ်ခွန်းလောက်ပါဝါမမြင့်ဘူး။
သောတာသစ်မှူးက ဖုန်းဆက်မှာတယ်
ဒီညစောင်ခြုံအိပ်ပါအကို၊ အပြင်မှာလေစိမ်းတွေအေးနေတယ်၊အရင်နဲ့မတူတော့ဘူးတဲ့။
အင်းစိန် မြေနီကုန်း လေထန်ကုန်း ၀ပ်ကျင်းထဲကမြို့ကလေးနဲ့
ဂူဂူးကပ်ခွါလုပ်သွားနတဲ့စိတ်ကမ်းခြေလေးအကြားညအိပ်ခုံတန်းလေး နေ၀င်ချိန်ရောက်ပြီ။
ကေတီဦး

Friday, November 14, 2008


  1. ကဗျာဆရာ့ဧည့်ခန်းထဲမှာ
ဟောဒီအခန်းထဲမှာ
သမားရိုးကျ စိတ်ရဲ့အရေးအခြစ်တွေကလွဲလို့
ဘယ်လိုဆီဆေးပန်းချီကားချပ်တွေမှမရှိဘူး၊
ဟောဒီအခန်းထဲမှာ
ဟာလာဟင်းလင်းဖြစ်နေမှုကလွဲရင်
လေကောင်းလေသန့်တွေဝင်လည်မလာဘူး၊
ဟောဒီအခန်းထဲမှာ
ပတ်ဝန်းကျင်ကပဲ့တင်လာတဲ့ ပွင့်ဖက်ကျအသံတွေကလွဲရင်
ဘယ်လိုဂီတမှလှည့်ပြန်မလာဘူး၊
ဟောဒီအခန်းထဲမှာ
ပင့်ကူအိမ်းကွန်ယက်မှကပ်နေတဲ့ခံစားချက်တွေကလွဲရင်
ဘယ်လိုအနှောင်အဖွဲ့မှရှိမနေဘူး၊
ဟောဒီအခန်းထဲမှာ
ကမ္ဘာ့စီးပွားရေးမှတ်တမ်းတွေကလွဲရင်
ဘယ်လိုပိုင်ဆိုင်မှုမှရှိမနေဘူး၊
ဟောဒီအခန်းထဲမှာ
အမည်နဲ့သတ်မှတ်ထားမှုကလွဲရင်
ဘယ်ရာသီဥတုမှ တည်တည်တန့်တန့်လာမရပ်ဘူး၊
ဟောဒီအခန်းထဲမှာ
မောင်ချောနွယ်၊အောင်ချိန့်၊သစ္စာနီတို့အလည်လာသွားကြတယ်
ပြီး ကျွန်တော်တို့ကိုယ့်နာမည်ကိုယ်ပြန်ရှာကြတယ်
ကျွန်တော်တို့အမေတွေက ငြိမ်ချမ်းရေးဆိုပြီးသွားတဲ့
မငြိမ်းချမ်းသေးတဲ့အိမ်တစ်လုံးအကြောင်းကဗျာရေးဘို့ပြောတယ်
သူငယ်ချင်းတွေက သူတို့ရဲ့လွတ်ကျသွားတဲ့တပ်မက်မှုတွေအကြောင်း
ဝတ္ထုရေးခိုင်းတယ်
ဟောဒီအခန်းထဲမှာ
ကမ္ကာမြေက သူ့ရဲ့ပူလောင်မှုတွေအကြောင်းငြီးတယ်၊
လေပြေလေညှင်းတွေက
သူတို့ရဲ့ပြည်တည်နေတဲ့အနာရောဂါတွေအကြောင်းပြောတယ်
နောက်မှ ကိုယ်ပိုင်ချွေးနံ့ နဲ့ကဗျာရေးပေးဘို့ပြောတယ်
နောက်ဆုံး
ဟောဒီအခန်းလေးထဲမှာပဲ
ကျွန်တော်
လယ်သမားတစ်ယောက်လို
ကိုယ့်ကဗျာကိုယ်ပြန်ဖတ်နေမိတော့တယ်၊
ရင့်ငြိမ်းစံ။13.11.2008

လူ့အဖြစ်ရဲ့ဧည့်ခံပွဲ

ငါတို့ဟာ
လူ့အဖြစ်ကိုအကောင်းဆုံးဧည့်ခံနိုင်ကြရဲ့လား
ငါတို့ဟာ
ငါတို့မှာမရှိတဲ့အဆင်တန်ဆာတွေနောက်တကောက်ကောက်လိုက်နေကြ
ငါတို့ဟာ
ငါတို့အတွက်ဆိုပြီး ခေါင်းစဉ်တပ်မရတဲ့အကြောင်းတွေထဲ
တဝေ့လည်လည်ရှင်သန်
အခုလိုနေပူပူရယ်
အခုလိုမိုးသည်းသည်းရယ်
အခုလိုနှင်းထူထူမှာရယ်
ငါတို့ကိုယ်တိုင်
ငါတို့မိသားစု
ငါတို့ပတ်ဝန်းကျင်
အရာရာဦးဆောင်ချင်ပေမယ့်
ငါတို့အတ္တတွေမြှူဆွယ်မှုကိုဘယ်တော့မှမလွန်ဆန်ခဲ့ဘူး
ငါတို့ဆန္ဒများ
ငါတို့အာသီသများ
ငါတို့မနက်ဖြန်များ
ရည်ရွယ်သမျှကိစ္စတွေဟာ
တတ်နိုင်သမျှလီဆယ်ပြဘို့ပဲ
ငါတို့စိတ်ကိုငါတို့မဖုံးကွယ်နိုင်ပေမယ့်
တစ်စုံတစ်ရာအတွက် ကန့်လန့်ကာဖြန့်ဘို့ကြိုးစားမြဲ
အသိတရားရဲ့အတွန့်ခေါက်ရွေ့လျားမှုမှာ
ငါတို့ဟာ
ငါတို့ရဲ့လူ့အဖြစ်ကိုအကောင်းဆုံးဧည့်ခံနိုင်ကြရဲ့လား။
နွေဦးကို။





Saturday, November 8, 2008



ဝေဒနာ

ဝေးခဲ့ပြီပဲ
ဆယ်နွေကဲသို့
ရင်ထဲကြွမ်းမြေ့
မမေ့နိုင်ရက်
နေ့ရက်များစွာဝေဒနာ၊

သမုဒယနွယ်
ရစ်နှောင်တွယ်ငြိ
ချစ်ခဲ့သမျှ
အိပ်မက်မျှပင်
ခင်ထင်ရော့လား
ရင်ခြားစေ့ခက်
မေ့ရန်ခက်ခဲ
နေ့စွဲများစွာဝေဒနာ၊

မလွမ်းရဲသူမို့
တမင်လမ်းခွဲခဲ့တာလား
သံယောဇဉ်အမျှင်တင်နေသမျှတော့
ပြန်တွေးရင်တောင်ရင်မှာဆွေးပါရဲ့
ညှို့ဟန်ဖွဲ့မုန်မာန်ဆင်
ခင်မကြင်ခင်ထွက်သွားတော့လဲ
လွမ်းအိမ်ဖွဲ့စေရာခရီးမှာ
သောကမိုးစွေနေဆဲပါပဲ
နေ့စွဲများစွာဝေဒနာ၊

အချစ်ရယ်
မခင်လို့ပဲဖြစ်ဖြစ်
မကြင်လို့ပဲပြစ်ပြစ်
ရင့်နင့်အောင်ချစ်ခဲ့သမျှအတွက်
ကိုယ့်ဝန်တာကိုယ်သာခံပါ့မယ်
မောဟလွှမ်းသည်ခရီးမှာ
ဝေဒနာအပူမမျှချင်တော့
ခင့်ဘ၀နဲ့ခင်
ခင်ပျော်လျှင်ကျေကျေနပ်ပါရဲ့
ကြမာဝဋ်မကုန်သေးသရွေ့တော့
သခင်ရယ်
ဆယ်နွေလိုကဲ။
မြတ်ငြိမ်း

အိပ်မက်ခရီးသည်

၁။ လှုပ်ရှားမှုတိုင်းမှာ
လေးလံမှုကကပ်ပါးတစ်ကောင်လိုကပ်ပါနေစမြဲ
တစ်ခါတစ်လေ
တို့ဘာကြောင့်သတိမမူမိခဲ့ပါလိမ့်
တိုက်ဆိုင်မှုသက်သက်ပါပဲ
ဟန်ဆောင်မှုကင်းတဲ့ဟောဒီဆည်းဆာက
တို့အရိပ်တွေရှည်လျားစေခဲ့
လူဆိုတာကိုယ်ပိုင်အတ္တကိုယ်စီနဲ့ခရီးဆက်နေသူ၊
ိိ

၂။ ငါကမလိမ္မိုးမလိမ္မာ
တွေဝေဘို့အတွက်ခေါင်းမာလွန်းသူ
ချမ်သာမှုဆိုတာလည်း
ဆေးဆိုးပန်းရုက်ပျော်ရွှင်ခြင်းများရဲ့အမည်
ယုံကြည်မှုက
အကြောင်းတရားအရှိသဘောထားသူ
မနက်ဖြန်ဆိုတာ
အလုံပိတ်အိုးတစ်လုံးထဲကရာသီဥတု
မိုးရွာမည်လား
နေသာမည်လား

နှင်းဝေမည်လား
မသေချာခြင်းများနဲ့ကြီးပြင်းခဲ့ရတဲ့အသက်
သေချာတယ်
စကားလုံးတိုင်းအရောင်မရှိဘူး၊


၃။ အမေကပြောတယ်
သောက်လက်စကော်ဖီကိုမြန်မြန်လက်စသတ်လိုက်တော့
နေ့တစ်နေ့မှာ
ဇိမ်ခံဘို့မင်းအတွက်အချိန်များများသက်မှတ်ခွင့်မရှိဘူးတဲ့
ကြိုးစားခွင့်ရှိနေဆဲဆိုရုံလေး
မျော်လင့်ချက်တွေမုတ်သုံမလွတ်တဲ့ကာလ
ဘာသာတရားနဲ့ထိန်းမတ်တဲ့ကြားက
ငါ့တည်ငြိမ်မှုက
မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ပမာ၊


၎။ မျက်ဝန်းဒေါင့်ကျိုးလေးမှာလာရပ်တဲ့လောကအသံ
အဆံမပြည့်သေးတဲ့သစ်သီးတစ်လုံးလို
သူတို့ငါ့ကိုတရားဟောကြတယ်
ဟန်ဆောင်တတ်ဘို့
ငါ့ကိုယ်ငါပြန်ညာတတ်ဘို့
ညကိုကြယ်တွေလိုငေးကြည့်မိရဲ့
ခံစားချက်တိုင်းမှာ
မြှုံးမိတဲ့ငါးတစ်ကောင်လိုအနာဂတ်လက်မဲ့
ဟောကြည့်
မာယာတွေဈေးပေါလွန်းတဲ့ဒီခေတ်
ဘာကြောင့်များကမ္ဘာမြေကထမ်ပိုး ထားပါလိမ့်၊


၅။ လူတွေဟ်ာငွေရဲ့ကျေးကျွန်
ချမ်းသာမှုဆိုတာလဲ
အမြဲငွေနဲ့ပေးဝယ်လို့မရတန်ကောင်းရဲ့
အဒီလိုအပြောမတတ်မှုတွေကြောင့်
ငါလူတွေနဲ့မကြာခဏကင်းကွာခဲ့ဘူးတယ်
မျှော်လင့်ချက်
အသက်တစ်ရာတည်မြဲခွင့်မဲ့လူ့အသိုက်အမြုံလေးထဲ
သေဆုံးမှုကအကြိမ်တစ်ရာအလွန်
အခက်အခဲဆိုတာ
သုခတရားကိုမြတ်နိုးတတ်လာစေဘို့
နာမည်ဆိုးအတတ်ခံလိုက်ရတဲ့နိယာမတစ်ခုပါပဲ၊


၆။ ကောင်းကင်မှာကြယ်ပျောက်ထိုးရုံနဲ့တော့
ဒီညမိုမရွားဘူးလို့တစ်ထစ်ချမပြောနိုင်သေး
မိုးမလုံတဲ့အိမ်ခေါင်မိုးနဲ့
လေမလုံတဲ့အကာအရံနဲ့
မျက်ရည်မခြောက်သေးတဲ့မျက်ဝန်းတွေနဲ့
မအိပ်ခင်အတွေးတစ်ချက်ဝင်လာတယ်
ငါလိုနေသေးတယ်
ပြီး
ငါဖြစ်ရမယ်၊


၇။ မတောင်းဆိုခင်ကငြင်းပယ်ထွက်ခွာသွားသောပင့်ကူလေးရေ
ငါ့ကိုယ်တိုင်ရေးကဗျာရှည်လေးထဲ
တငွေ့ငွေ့လေးလွမ်းဆွတ်နေဘို့
မင်းနာမည်လေးချန်ထားခဲ့တာကိုပဲကျေးဇူးတင်ပါရဲ့
ငြိမ်ချမ်းမှုဝေါဟာရ
လတ်တလောသတ်ပုံမှာရေးမိတဲ့ငါ့ဒိုင်ယာရီလေးထဲ
နှင်တို့ဝေဆဲ ကြွေနေဆဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ရဲ့ဖွဲ့နွဲ့မှုက တစ်ဘ၀မှာတစ်ပုဒ်တည်းပါပဲ
အတိမ်အနက်ဆိုတာ
တိုင်းတာသူရဲ့သရုပ်သကန်
ဟောကြည့်
ဟိုးအဝေးမှုံဖျဖျမိုးကုတ်စက်ဝိုင်းအောက်မှာ
မီးတုတ်တစ်လက်နဲ့
နှင်းဝတ်ရုံခြုံထားတဲ့အိပ်မက်ဖြူဖြူတွေ။

ရင့်ငြိမ်းစံ



ပိတ်ထားတဲ့နေ့

လမိုက်ည
ကောင်းကင်ကြီးကအမှောင်ထဲလွင့်မျောလို့ရယ်
ကြယ်တွေကမပွင့်တပွင့်
နံရံကမီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေကိုဖွင့်လိုက်တယ်
နေရောင်ကမပွင့်တပွင့်
ပန်းတွေကပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကိုဖွင့်ကြည့်တယ်
ရေဒီယိုကိုဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကိုဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ဖွင့်ကြည့်လို့မရ
နေ့ကတော့ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့အနာဂါတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်။

ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့်သော့တစ်ချောင်း
ကျွန်တော့်လက်မောင်းမဖြစ်နိုင်ဘူးလား။ ။
လှသန်း

ရေခဲပန်းနု၊ချစ်သောသူဖြတ်သန်းခဲ့ရသော အရောင်အရိပ် ရနံ့ နှင့်
ကျွန်ုပ်၏ဘ၀အမောအလွမ်း

  • ရေခဲပန်းနု
ခလုပ်ကလေးနှိပ်လိုက်ရင်
တိပ်ကြိုးခွေကသီချင်းထွက်လာမယ်
“မင်းလက်ကလေးကိုကိုင်ချင်စမ်းလှတယ်” ။

စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။

သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇ၀င်တွေ
ထင်ဟပ်ရဲပနေတယ်။

ရဲဘော်တို့သွေးဖြင့်
ချယ်ရီမွှေးလှပေရဲ့။

ထိုအတွေ့အမြင်
ဤယနေ့တွင်
သြော်…ရင်ခုန်သံများ
ကြားပါစေ။

ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး။

ဒီလောက
ဒီမြေကြီးပေါ်မှာဘဲ
နှစ်နှစ်ချိုက်ချိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။

ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။

သိရိခေတ္တရာမှ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့..အိုအမေ။

ယန်စီမြစ်ရိုးမှ
လှေထိုးသူ့တေးကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်စရာကောင်းလှပေတယ်။ ။
မောင်ချောနွယ်




Sunday, November 2, 2008

လင်းရိပ်နင်တဲ့နေ့


လင်းရိပ်နင်တဲ့နေ့

ရင်ရဲ့လင်းလတ်လာတဲ့အလင်းနဲ့
ရင်ကိုပြန်ကွယ်ထားခံရတဲ့နေ့
အဲဒီနေ့က
ဘ၀နဲ့အိပ်မက်တစ်ထပ်တည်းမကျခဲ့ပုံ
ဆောင်းရာသီက
ထစ်ချူန်းမိုးတွေရွာပြီသရုပ်ဖေါ်တယ်၊
တစ်ဘ၀မှာတစ်ပုဒ်တည်း
စိတ်ရေးဖွဲ့ခဲ့သမျှ အိပ်မက်ချွေတမ်းမှာ
အလွမ်းနဲ့အနားကွတ်နေရုံကလွဲလို့
မင်းရင်ခုံသံတွေပြန်မလာနိုင်တော့
စိတ်က
ဘ၀ရဲ့အပေါ်စီးကနေကြည့်ချင်ခဲ့တယ်
ကောင်မလေးရေ
ညကလကိုကွယ်တာလား
ညကိုလကကွယ်တာလား
မင်အလိုကျ
ငါ့ကိုယ်ငါပြန်ကွယ်ထားလိုက်ချင်ရဲ့
ခုတော့
အိပ်ဆေးမတိုးတော့တဲ့ညနဲ့
ကဗျာတွေဝေါဟာရမဲ့လို့
ပန်းချီကားတွေဆေးရောင်ပြယ်လို့
ငါ့နာမည်လည်း
အလွမ်းမှာမွန်းနစ်လို့

Saturday, November 1, 2008

ကျနော်ရဲ့ခေတ္တကားချပ်




“ကာလနတ်ဆိုး
လက်ညှိုးနဲ့တံထွေး
ကင်းဝေးသောကိုယ်
ဖြစ်ရပါလို၏” ။

ဒီခပ်သောသော
ငါ့ရဲ့ရယ်မောသံမှာ
ဒဏ်ရာခြောက်ခြားဘွယ်
ငါ့ဘ၀ကွက်လပ်ငယ်များ
ဘယ်လောက်သေလွန်ပီးရပလဲ။

ငေးစိုက်မောလျ
အဲသလိုတွေးမိမျှဖြင့်
ဘ၀ဟာ
သုညသို့ကျဆင်း
တမြှင်းမြှင်းဆွေးခံစားရတယ်။

အလို၊ရေးဘော်က
“ဘ၀ကိုခင်သူ”တဲ့
ပဲပင်တွန့်လက်ရေးလေး
ကျေးဇူးကြီးမားပေစွ။

ဟုတ်တယ်
ငါဘ၀ကိုခင်ရမယ်။

အရသာခါးသက်
ကြက်ဟင်းခါးဟင်း
စားရင်းစားရင်းချိုဘူးတယ်။

ဆယ်စုတစုမှာ
သူ့အထုပ္ပတ်
မတ်တပ်ရပ်နေဘို့
အနိမ့်ဆုံး
(သို့မဟုတ်) အမြင့်ဆုံး
လုံးပမ်းနေလေရဲ့လေ။

တခါတလေ
စွန်းပေသောအဖြစ်
ချစ်သောသူတွေခွင့်လွှတ်ကြပါ။

သူ့စိတ်ထဲကအကြံ
ဘာကိုအံတုဘို့ဆိုလား
ဖဲချပ်များဖောင်းပွမှုအောက်
နေ့နဲ့ညကောက်ယူ
ဇောချွေးပူဖြူခဲ့
ငွေစက္ကူကိုရချင်တာဘဲ။

အို…အသံတို့
အဖန်တရာငရဲ
ဝဲကတော့စုန်ဆန်
အရွယ်၊ရင်ခုန်သံ
အာရုံရုပ်
မရုပ်သိမ်းနိုင်ကြောင်း
ပြန်ကြားတယ်။

ကျန်းမာရေးချို့
ဆေးကုသခွင့်
မဆုံသင့်ခင်
အိပ်မက်တွင်အတိတ်ရေး
ထီလေးတစောင်ထိုးထားတယ်။

အချစ်ရေ
နေ၀င်တော့မယ်ကွယ်.။

မျဉ်းကြားမှဖြတ်ကူး
အရက်မူးသူတယောက်
ကံကောင်းထောက်မပါစေ။

အလိုမတူဘဲ
သူမရဲ့
အပျိုစင်နောက်ဆုံးည
သချိုင်္င်းဝကကွေ့ပြန်…..လော့..။


“လေလွင့်ငှက်များ”
စကားဆိုဘို့လာရောက်
နွေဦးပေါက်ပါတော့။ ။
အောင်ချိမ့်

မရိုးမဆန်းလမ်းကလေး


မှားလေ့မှားထရှိသောနေ့စွဲများနဲ့
ငါးမပါပဲအအေးမိခဲ့ရသောအနာဂါတ်များ
ကိုယ့်လက်မှတ်အတုတွေနဲ့စာချုပ်အစောင်စောင်
ပုံရိပ်ယောင်တွေကြားမှာကျဆုံးနေခဲ့ဖူးတာ
ငါလား……..။

အလေ့အထရှိသောဟိုင်းဝေးလမ်းများအကြောင်း
ခေါင်းလောင်းပန်းတွေပွင့်တတ်တဲ့ရာသီ
ချည်တိုင်နွေးနွေးများရဲ့ အေးစက်စက်ရာဇ၀င်
ညင်သာသောနူးညံ့မှုများ
အားလုံးဟာသံသယ၀င်စရာ….။

နွေဦးရာသီရဲ့ပထမဆုံးနေ့တစ်နေ့
ကွေ့ကောက်ရှည်လျားနေသောကိုယ်တိုင်ရေးပုံပြင်များနဲ့
ကူး….ခတ်…..တွားသွား…စုန်ဆန်ရင်း
တန်ကြေးမြင့်သင်ခန်းစာများနဲ့
နာဖျားပင့်သက်နေခဲ့ရသော..လူတစ်ယောက်…။

ခုတော့.......
မတ်စောက်အိပ်မက်များ
ဇောက်ထိုးသီချင်းများ
မလတ်ဆတ်တော့သောပွဲတော်များ
အနားသပ်စကားလုံးများ
အား…လုံး…
ခါး…………..စက်……..။

နိဒါန်းမှအဆုံးမသတ်ရသေးခင်
နိဂုံးဟာစတင်ခဲ့ပြီလား…။ ။
မနော်ဟရီ